နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၁၆ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ တပူးထိုကျေးရွာရှိ ဒေသခံ ပြည်သူများအား စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က မောင်းထုတ်၍ ကျေးရွာ မီးရှို့ခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)ထံမှ သိရသည်။

PNO ပြည်သူ့စစ်သည် အဆိုပါကျေးရွာကို ဝင်ရောက်တပ်စွဲထားသည်မှာ လေးလကျော်ရှိပြီဖြစ်ပြီး ယခု ဇွန်ပထမပတ်က ဒေသခံများကို ရွာအတွင်းမှ မောင်းထုတ်ပြီးနောက် ဇွန် ၁၂ ရက်၊ ညပိုင်းတွင် ရွာမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့မီးရှို့သဖြင့် ဇွန် ၁၃ ရက်၊ ညအထိ မီးလောင်ခဲ့ရာ နေအိမ် ၆ လုံး မီးလောင်ပျက်စီးသွားပြီး ယင်းလုပ်ရပ်သည် ပြောစရာစကား မရှိလောက်အောင် ရက်စက်ယုတ်မာကြောင်း PNLA ပြောခွင့်ရ ခွန်ရိန်းယံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

“ရွာသားတွေကို မောင်းထုတ်ပြီး မကြာဘူး၊ သူတို့ PNO မီးရှို့လိုက်တာပေါ့။ အဲဒီည မီးရှို့ပြီး နောက်ရက်မိုးရွာ၊ ပြီးတော့ အိမ်တွေက တစ်အိမ်နဲ့တစ်အိမ် အရမ်းမကပ်တော့ သက်သာသွားတယ်။ မဟုတ်ရင် ရွာလုံးကျွတ် ပါသွားနိုင်တယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က တပူးထိုရွာအပါအဝင် ကျေးရွာအုပ်စုနှစ်စုမှ ပြည်သူ ၆ဝဝဝ ကျော်ကို ဇွန် ၁၅ ရက်နေ့ နောက်ဆုံးထား၍ ကျေးရွာအတွင်းမှ ထွက်သွားရမည်ဟု စာပို့မောင်းထုတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါကျေးရွာအုပ်စု နှစ်စုမှာ နောင်ကျောကျေးရွာအုပ်စုမှ တပူးထိုရွာ၊ ကောင်ထိုရွာ၊ လွယ်ငွန်းရွာ၊ နောင်ဗိုရွာ၊ ပင်စက်ရွာနှင့် တောင်ရှေ့ကျေးရွာအုပ်စုမှ နောင်ထော်ခြောက်ရွာ၊ ကလားလမ်ရွာတို့ဖြစ်ပြီး စုစုပေါင်း ပြည်သူ ၆ဝဝဝ ကျော်ရှိနေကြောင်း သိရသည်။

ထို့အပြင် ကျေးရွာအတွင်းမှ ထွက်ခွားခြင်းမရှိပါက တာဝန်မယူဟု ဆိုထားပြီး ထွက်ခွာသူများ အနေဖြင့်လည်း တောင်ယာနှင့် စစ်ဘေးရှောင်စခန်းသို့ သွားရောက်နေထိုင်ခြင်း မပြုလုပ်ရန် PNO ပြည်သူ့စစ်က ခြိမ်း ခြောက်တားမြစ်ထားကြောင်း ၎င်းတို့စာအရ သိရသည်။

လက်ရှိတွင် ဒေသခံများသည် ကျေးရွာအတွင်းမှ မောင်းထုတ်ခံရသဖြင့် တောထဲသို့ ပြောင်းရွှေ့ နေသူများရှိပြီး နေရေးထိုင်ရေးကအစ ခက်ခဲဒုက္ခရောက်နေကာ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ အနေဖြင့် ကူညီပေးကြရန် PNLA က တိုက်တွန်းမေတ္တာရပ်ခံသည်။

ဓာတ်ပုံ- PNLA

#ဆီဆိုင်မြို့ #PNO #ပြည်သူ့စစ် #ဒေသခံများကိုမောင်းထုတ် #ကျေးရွာမီးရှို့ #Ayeyarwaddy_Times