ဧရာဝတီတိုင်းမ်
ဇွန် ၁၆ ရက်

အမျိုးသမီးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုကျူးလွန်ခဲ့သည့် ထင်ရှားသည့် လူငယ်တက်ကြွလှုပ်ရှားသူ၊ ဓာတ်ပုံဆရာတစ်ဦးဖြစ်သည့် မောက်ခမ်းဝါ(ခ)မင်းသူကျော်ကို ဥပဒေကြောင်းအရ အရေးယူနိုင်ရန်အတွက် ပထမဦးစွာ အမှုဖွင့်တိုင်ကြားရန်လိုအပ်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ထံက သိရသည်။

ကရင်နီပြည်နယ်သားဖြစ်သည့် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုများနှင့် တော်လှန်ရေးငွေကြေး အလွဲသုံးစားမှုများ ကျူးလွန်ခဲ့သူ မောက်ခမ်းဝါကို IEC အနေဖြင့် စံနမူနာပြု အရေးယူပေးရန် ဂျန်ဒါတရားမျှတရေးဆိုင်ရာ အဖွဲ့အစည်း၁၀ဖွဲ့က ဇွန် ၁၄ ရက်နေ့တွင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

IEC အနေဖြင့် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုကို ဥပဒေအရ အရေးယူနိုင်ရန်မှာ ပထမဦးစွာအဆိုပါကိစ္စကို ကရင်နီပြည်ရဲတပ်ဖွဲ့(KSP)ထံတွင် ပထမဦးစွာအမှုဖွင့်ရန်လိုအပ်ကြောင်းလည်း သိရသည်။

“သတင်းမီဒီယာကိုဖြစ်စေ အရပ်ဖက်အဖွဲ့အစည်းကိုဖြစ်စေ အကူအညီတစ်ခုတောင်းချင်တာက တချို့အမှုတွေက ရဲအမှုပိုင်ဖြစ်တယ်ပေါ့နော်။ အကောင်းဆုံးကတော့ နစ်နာသူအမျိုးသမီးကနေ Karenni State Police မှာတိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ အမျိုးသမီးအစုအဖွဲ့ တခုခုနဲ့ဖြစ်စေ ပူးပေါင်းချိတ်ဆက်ပြီးတော့မှ အမှုဖွင့်ဖို့ တိုင်ကြားဖို့အတွက်လည်း ကျွန်တော်တို့အနေနဲ့ ပြန်လည်ပြီးတော့မှ တောင်းဆိုလိုပါတယ်” ဟု IEC အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဒါရိုက်တာ မောက်ခမ်းဝါ၏ တော်လှန်‌ရေးအတွက်အသုံးပြုမည့် ငွေကြေးအလွဲသုံးစားပြုလုပ်မှုနှင့် ပတ်သက်၍မူ နိုင်ငံတော်ဘတ်ဂျက်(သို့မဟုတ်) အစိုးရ၏ရသုံးမှန်းချေ‌ငွေများ မဟုတ်သည့်အပြင် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများ၊ တပ်ဖွဲ့များ၏ စည်းမျဥ်း၊ စည်းကမ်းများ အတိုင်းစီမံရသည့်တွက် IEC အနေဖြင့် ဝင်ရောက်စွက်ဖက်၍ မရနိုင်ကြောင်းလည်း သိရသည်။

“သက်ဆိုင်တဲ့သူကိုလည်း တရားမျှတမှုရဖို့အပြင် အခြားအခြားသောအမျိုးသမီးငယ်တွေရဲ့ပိုပြီးတော့မှ အာမခံချက်ပေးနိုင်အောင် လုံခြုံမှုကို ပေးနိုင်အောင်စံနမူနာအဖြစ် အမှုစွဲဆိုပေးဖို့ အမှုဖွင့်ဖို့အတွက်လည်း ပန်ကြားလိုပါတယ်။ ကျူးလွန်တဲ့သူကကျူးလွန်တဲ့အလျောက် တရားမျှတမှု တော်လှန်ရေးကာလနဲ့ ကိုက်ညီတဲ့တရားစီရင်မှု ဆက်ပြီးတော့မှလုပ်သွားဖို့ရှိပါတယ်” ဟုအတွင်းရေးမှူး-၂ ဗညားခွန်အောင်မှ ဆက်လက် ပြောကြားခဲ့သည်။

IEC အနေဖြင့်အဖြင့် အလားတူကိစ္စရပ်များစွာကို အရပ်ဖက်အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများဖြင့် ပူးပေါင်းကာ ဖြေရှင်းဆောင်ရွက်ပေးမှုများရှိခဲ့ပြီး တပ်ပိုင်းဆိုင်ရာကိစ္စရပ်များတွင်လည်း ပေါင်းစပ်ညှိနှိုင်းမှုများ၊ အချိန်ယူဆွေးနွေးကာ စစ်ဆေးရေးများပြုလုပ်ခဲ့ပြီး ကျူးလွန်သူများကို ဥပဒေကြောင်းအရ အရေးယူမှုများပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

လူငယ်ဒါရိုက်တာနှင့် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် မောက်ခမ်းဝါမှာ အမျိုးသမီးတစ်ဦးအပေါ် လိင်ပိုင်ဆိုင်ရာအမြတ်ထုတ်ခဲ့ကြောင်း ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ဝန်ခံခဲ့ပြီး Loikaw PDF ၏ သူပုန် အမည်ရ တော်လှန်ရေးထုတ်ကုန်တွင် ငွေကြေးအလွဲသုံးစားခြင်းများ ပြုလုပ်ခဲ့ကြောင်း သက်ဆိုင်သူများ၏ ထုတ်ဖော်ပြောကြားချက်များအရသိရှိခဲ့ရသည်။

လက်ရှိတွင် မောက်ခမ်းဝါကို Loikaw PDF တပ်ဖွဲ့မှ ထုတ်ပယ်ထားပြီး ၎င်းပါဝင်လှုပ်ရှားနေသည့် အနုပညာအဖွဲ့အစည်းများ၊ တော်လှန်ရေးဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ ထုတ်ပယ်ခြင်းများပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#မောက်ခမ်းဝါ #IEC #အရေးယူ #လိင်ပိုင်းဆိုင်ရာအမြတ်ထုတ် #ငွေကြေးအလွဲသုံးစား #loikawpdf #သူပုန် #Ayeyarwaddy_Times