ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဇွန် ၁၅ ရက်)

သည်းခြေဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ မြန်မာ့အသုံးအနှုန်းတွေဖြစ်တဲ့ “အမှတ်သည်းခြေ” နဲ့ “သည်းခြေကြိုက်” ဆိုတဲ့ စကားကို အရင်သတိရမိပါတယ်။

သည်းခြေမှာ မှတ်ဉာဏ်မရှိပေမယ့်လည်း စွဲစွဲမြဲမြဲ မှတ်သားထားရတဲ့ အတွေ့အကြုံတွေကို “အမှတ်သည်းခြေ” လို့ တင်စားသုံးနှုန်းတဲ့ မြန်မာစကားက ချစ်စဖွယ်ကောင်းလှပါတယ်။

“သည်းခြေကြိုက်” ဆိုတဲ့ အသုံးအနှုန်းကလည်း အသည်းစိုင်သာမက သည်းခြေအထိပါ မြတ်နိုးနှစ်သက် တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်ပါတယ်။ အသည်းအောက်ခြေမှာ ကပ်လျက်တည်ရှိပြီး သည်းခြေရည် တွေကို သိုလှောင်သိမ်းဆည်းပေးထားတဲ့ သည်းခြေအိတ်ဆိုတဲ့ ကိုယ်တွင်းအင်္ဂါလေးကို မြန်မာ ဝေါဟာရတွေမှာ တန်ဖိုးထားသုံးနှုန်းတာကို သတိထားမိတဲ့အခါ ကြည်နူးရပါတယ်။

#သည်းခြေအိတ်ရဲ့ လုပ်ငန်းဆောင်တာ

အစာမရှိတဲ့အချိန်မှာ အသည်းက ပုံမှန်ထုတ်လွှတ်တဲ့ အစာခြေအရည်တွေဟာ အသည်းပြွန်ကနေ တစ်ဆင့် သည်းခြေအိတ်ထဲကို ဝင်ရောက်ပါတယ်။ သည်းခြေအိတ်ထဲ ရောက်တဲ့အခါ အသည်းအစာ ခြေအရည်တွေဟာ တဖြည်းဖြည်း ပြည့်ဖောင်းလာပြီး ပျစ်နှစ်သိပ်သည်းတဲ့ သည်းခြေရည်အဖြစ် ပြောင်းလဲဖွဲ့စည်းပါတယ်။ ဒီလိုပျစ်နှစ်သိပ်သည်းတဲ့ သည်းခြေရည်တွေ စုခဲပြီး သည်းခြေကျောက်တွေ ဖြစ်ပေါ်တတ်တယ်ဆိုတာကို သတိပြုသင့်ပါတယ်။

အစာစားပြီးချိန်မှာတော့ ပြည့်ဖောင်းနေတဲ့ သည်းခြေအိတ်က ကျုံ့ညှစ်လိုက်ပြီး သည်းခြေအိတ်အဝ ကျယ်သွားကာ သည်းခြေလမ်းကြောင်း ပွင့်သွားပါတယ်။ အဲဒီအခါ သည်းခြေရည်တွေဟာ သည်းခြေ ပြွန်ကနေ အူအတွင်းကို ထုတ်လွှတ်ပြီး အစာတွေနဲ့ ရောယှက်ကာ အစာခြေဖျက်မှုကို လုပ်ဆောင်ပါတယ်။

#သည်းခြေကျောက်ဘာကြောင့်တည်သလဲ

အသည်းကနေလာတဲ့ အစာခြေအရည်တွေကို သည်းခြေအိတ်ထဲမှာ သိုလှောင်ပြီး ရေတွေကို စုပ်ယူပါတယ်။ ဒီအစာခြေအရည်တွေထဲမှာ ကိုလက်စထရော (Cholesterol) အဆီ၊ သွေးနီဥပြိုကွဲရာကနေ ထွက်လာတဲ့ ဘီလီရူဘင် (Bilirubin) ရောင်ခြယ် နဲ့ ထုံးဓာတ် (Calcium) တွေ ပါဝင်ပါတယ်။ သည်းခြေရည်တွေဟာ အလွန် အမင်း ပျစ်နှစ်သိပ်သည်းလာတဲ့အခါ သည်းခြေအိတ်ဝနဲ့ သည်းခြေပြွန်တွေကနေ မထွက်နိုင်ဘဲ ဖြစ်နေတတ်ပါတယ်။ အဲဒီအခါ သည်းခြေအရည် တစ်လွှာပြီးတစ်လွှာ ထပ်ပိုးစုပုံပြီး ကျောက်တွေအဖြစ် ဖွဲ့စည်းလာပါတော့တယ်။

ကျောက်ဖွဲ့စည်းဖြစ်တည်တဲ့ အမျိုးအစားပေါ်မူတည်ပြီး ကိုလက်စထရောကျောက် (Cholesterol Stones)၊ ဘီလီရူဘင်နဲ့ ထုံးဓာတ်လွန်ကဲမှုကြောင့် ဖြစ်တဲ့ အညိုအနက်ရောင်ရှိတဲ့ ကျောက် (Pigment Stones) နဲ့ အမျိုးအစားရောနေတဲ့ ကျောက် (Mixed Stones) ဆိုပြီး ဖြစ်ပေါ်နိုင်ပါတယ်။

#သည်းခြေကျောက် တည်နိုင်ခြေရှိသူများ

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သည်းခြေကျောက် ပိုမိုတည်နိုင်ခြေရှိပါတယ်။ ဆေးပညာအရ ဒီအခြေအနေတွေကို “4 Fs” (Female, Fat, Forty, Fertile) လို့ အလွယ်တကူ မှတ်သားနိုင်ပါတယ်။

Female (အမျိုးသမီးဖြစ်ခြင်း)
Fat (ဝခြင်း သို့မဟုတ် ခန္ဓာကိုယ်အလေးချိန်များခြင်း)
Forty (အသက် ၄၀ ကျော်လာခြင်း)
Fertile (မျိုးဆက်ပွားနိုင်စွမ်းရှိခြင်း သို့မဟုတ် ကလေးများစွာ မွေးဖွားဖူးသူ)
ဒီအခြေအနေတွေက သည်းခြေကျောက်တည်ခြင်းကို ပိုမိုဖြစ်စေနိုင်ပါတယ်။ အမျိုးသားတွေမှာ လူ ၁၀၀ မှာ ၅ ယောက်ကနေ ၈ ယောက်အထိ သည်းခြေကျောက် တည်နိုင်ခြေရှိပြီး၊ အမျိုးသမီးတွေမှာတော့ နှစ်ဆတိုးပြီး လူ ၁၀၀ မှာ ၁၀ ယောက်ကနေ ၁၅ ယောက်အထိ သည်းခြေကျောက်တည်တာ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

#ရောဂါလက္ခဏာနဲ့ ရောဂါရှာဖွေခြင်း

သည်းခြေကျောက်တည်နေသူတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်မှာ ရောဂါလက္ခဏာ မပြဘဲ ရှိနေနိုင်တာကြောင့်၊ ဝမ်းဗိုက်ကို Ultrasound (အာထရာဆောင်း) ဖြင့် စစ်ဆေးတဲ့အခါမှာ မထင်မှတ်ဘဲ ရှာဖွေတွေ့ရှိရတာ များပါတယ်။

လူနည်းစုကသာ ဗိုက်နာခြင်း၊ သည်းခြေနေရာက ၅ မိနစ်ကျော် စူးရှထိုးအောင့်ပြီး နာရီအနည်းငယ် ကြာမှ တဖြည်းဖြည်း သက်သာသွားတဲ့ နာကျင်မှုမျိုး (Biliary Colic) ကို ခံစားရတဲ့အတွက် ရောဂါရှာဖွေတဲ့အခါမှ သည်းခြေကျောက်တည်ခြင်း ရှိနေတာကို သိရှိကြရပါတယ်။

#သည်းခြေကျောက်ကုသရန်နည်းလမ်းများ

အများအားဖြင့် သည်းခြေကျောက်ရှိရုံမျှနဲ့တော့ ချက်ချင်း ကုသမှု မလိုအပ်တတ်ပါဘူး။ အခြေအနေကို စောင့်ကြည့်ရင်း ကျန်းမာတဲ့ လူမှုဘဝနေထိုင်မှုပုံစံကို ဖော်ဆောင်ပြီး ရှင်သန်နိုင်ပါတယ်။ ခန္ဓာကိုယ် အလေးချိန်မတိုးဖို့ မျှတတဲ့အစားအစာ ထိန်းသိမ်းခြင်း၊ အဆီများတဲ့ အစားအစာတွေ ရှောင်ရှားခြင်း၊ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ခြင်းတို့ဖြင့် နေ့စဉ်ဘဝကို ဖြတ်သန်းနိုင်ပါတယ်။

သည်းခြေကျောက်ပျော်ဆေး (Ursodeoxycholic Acid) ကိုတော့ သည်းခြေအိတ် ပုံမှန်ကျုံ့ညှစ်နိုင်တဲ့ အခြေအနေရှိသူ၊ ရောဂါမပြင်းထန်တဲ့လူနာ၊ ထုံးကျောက်မဟုတ်တဲ့ အရွယ်သေးငယ်တဲ့ အဆီကျောက် (small Cholesterol Stones) အခြေအနေတွေမှာသာ ထိန်းသိမ်းကုသနိုင်ပါတယ်။

သို့သော်လည်း သည်းခြေအိတ်ရောင်ရမ်းခြင်း၊ ပြင်းထန်စွာ ဝမ်းဗိုက်နာကျင်ခြင်းတို့နဲ့ တွဲဖက် ခံစားရပါက ခွဲစိတ်ကုသဖို့ လိုအပ်ပါတယ်။

#သည်းခြေအိတ်ဖယ်ရှားသည့်ခွဲစိတ်မှု(Cholecystectomy)

ဝမ်းဗိုက်ကို ဓားနဲ့ခွဲစိတ်တဲ့ သမရိုးကျ သည်းခြေအိတ်ဖယ်ရှားတဲ့ ခွဲစိတ်မှု (Open Cholecystectomy) ကို မြန်မာနိုင်ငံမှာ အများဆုံး ပြုလုပ်ပါတယ်။ ဒါ့အပြင် လူနာခံစားရသက်သာတဲ့ ဗိုက်ကို အပေါက်ငယ်များဖောက်ပြီး မှန်ပြောင်းယန္တရားဖြင့် သည်းခြေအိတ်ဖယ်ရှားသည့် ခွဲစိတ်မှု (Laparoscopic Cholecystectomy) ဟာလည်း ကမ္ဘာပေါ်မှာ ရွေးချယ်မှုအများဆုံး ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ဒီနည်းလမ်းနဲ့ ခွဲစိတ်နိုင်သူ ကျွမ်းကျင်ဆရာဝန် အနည်းငယ်သာ ရှိပါသေးတယ်။

#ESWLနည်းလမ်းဖြင့်ကျောက်စများဖယ်ထုတ်ခြင်း

ESWL (Extracorporeal Shock Wave Lithotripsy for gallstones) လှိုင်းဖြင့် ကျောက်ခြေခြင်းနှင့် အစာအိမ်-သည်းခြေပြွန် မှန်ပြောင်းသုံးတဲ့ နည်းလမ်းနဲ့ ကျောက်စများဖယ်ထုတ်ခြင်းကတော့ မခွဲမစိတ်ဘဲ ကုသနိုင်ပေမယ့် အောင်မြင်နိုင်ခြေ နည်းခြင်း၊ ငွေကုန်ကြေးကျများလွန်းခြင်း၊ အကြိမ်ရေများများ လုပ်ရခြင်းတို့ကြောင့် ဒီကုထုံးကို ရွေးချယ်သူ အလွန်နည်းပါးပါတယ်။

အဓိကပြောကြားလိုတာကတော့ ကိုယ့်ရဲ့သည်းခြေအိတ်လေးမှာ ကျောက်တည်နေရုံနဲ့ မကြောက်လန့်ပါနဲ့။ တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေနဲ့ တိုင်ပင်ပါ။ အကောင်းဆုံးသော ကုထုံးဖြင့် အသက်ဆက်ရှင်နိုင် ပါတယ်။

နောက်တစ်ပတ်မှာတော့ “သွေးတိုးရောဂါနှင့်အတူ အသက်ရှင်ခြင်း” ကျန်းမာရေးဆောင်းပါးကို ဖော်ပြပေးမှာဖြစ်ပါတယ်။ ဧရာဝတီတိုင်းမ် မီဒီယာရဲ့ ကျန်းမာရေးဆောင်းပါးတွေက စာဖတ်သူတွေ အတွက် မှန်ကန်တဲ့ ရွေးချယ်ခြင်း၊ ဆုံးဖြတ်ခြင်းတွေ ပြုလုပ်နိုင်ဖို့ အထောက်အပံ့ ပေးနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #သည်းခြေကျောက် #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန်နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိ ပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)