ဧရာဝတီတိုင်းမ်
‌ဇွန် ၁၅ ရက်၁၅ ရက်

ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့ နယ်၊ ဖိုးသာအေးကျေးရွာအုပ်စုတွင် စစ်မှုထမ်းရန် လိုက်သွားသူတစ်ဦး ရှေ့တန်းတွင် ကျည်ထိမှန်၍ ဗိုက်ပေါက်သွားရာ ဒေသခံများထံ ဆေးကုသစရိတ် ထပ်မံတောင်း‌ခံနေကြောင်း သိရသည်။

စစ်မှုထမ်းအပတ်စဉ် (၃) အတွက် ဖိုးသာအေးကျေးရွာအုပ်စုမှ ငွေကျပ်သိန်း ၄၀ ယူကာ စစ်မှုထမ်းရန် သဘောတူ လိုက်ပါသွားခဲ့သည့် အဆိုပါတပ်သားသစ်သည် ရှေ့တန်းတွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

၎င်းကို အရေးပေါ်ဆေးကုသရန်အတွက် ကျေးရွာအတွင်းရှိ တစ်အိမ်ထောင်လျှင် ငွေ ၄၀၀၀ ကျပ်နှုန်းဖြင့် အတင်းအဓမ္မ ကောက်ယူနေသည်ဟု ဒေသခံများထံမှ သိရသည်။

“အဓမ္မစုဆောင်းခံရတဲ့ သူမဟုတ်ဘူး။ ပိုက်ဆံယူပြီး လိုက်သွားတာ။ ရှေ့တန်းမှာဒဏ်ရာရတာ စစ်တပ် ဘက်ကပဲ ကုရမှာပေါ့။ ဘာဖြစ်လို့ ဒေသခံတွေဆီက ပိုက်ဆံတောင်းရတာလဲ။ လက်မခံဘူး”ဟု မော်လမြိုင်ကျွန်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြော သည်။

အဆိုပါတပ်သားသစ်သည် စစ်မှုထမ်းလိုက်သွားရန်အတွက် လိုလိုလားလား စာရင်းပေးသွင်းခဲ့ပြီး ငွေကျပ်သိန်း ၄၀ ပါ ယူဆောင်ခဲ့သည့်အတွက် ဒဏ်ရာရလာသည်ကို ဆေးကုသစရိတ်ထပ်မံပေးရန် တောင်းခံသည်ကို ဒေသခံများမှ ကျေနပ်ခြင်းမရှိကြောင်း သိရသည်။

အဆိုပါတပ်သားသစ်သည် အခကြေးငွေယူ၍ မိမိ သဘောအလျောက် စစ်တပ်ထဲလိုက်သွားသည့် အတွက် ဆေးကုသရာတွင်လည်း စစ်ကောင်စီက တာဝန်ရှိနေပြီး ၎င်းဆေးကုသရန် ငွေကြေး ကောက်ခံသည်မှာ လုပ်ထုံးလုပ်နည်းနှင့် မညီကြောင်း ဒေသခံများမှ ထောက်ပြပြောဆိုသည်။

စစ်ကောင်စီက စစ်မှုထမ်းတပ်သားသစ်များကို ရှေ့တန်းသို့ပို့ဆောင်နေပြီး ဒဏ်ရာရသူများနှင့် အစုလိုက်ထွက်ပြေးမှုများရှိနေကြောင်း သိရသည်။

လတ်တလောတွင် စစ်ကောင်စီ၏ စစ်မှုထမ်းအမှတ်စဉ် (၁၄) အထိ ရောက်ရှိလာပြီဖြစ်ပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်မှုထမ်းအမှတ်စဉ် (၁၁) ကို သင်တန်းဆင်းပေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းအတွင်း ရေကြည်၊ သာပေါင်း၊ အင်္ဂပူ၊ လေးမျက်နှာတို့တွင် စစ်ကောင်စီနှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေပြီး ရေကြည် အမြောက်တပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ကျုံပျော်ဘက်သို့ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။

ပုံစာ-စစ်မှုထမ်း သင်တန်း အမှတ်စဉ် (၁၄) တက်ရောက်မည့်သင်တန်းသားများအား စစ်ဝတ်စုံများ ထုတ်ပေးနေသည်ကို တွေ့ရစဉ်။

#ဧရာဝတီတိုင်း #လပွတ္တာခရိုင် #မော်လမြိုင်ကျွန်း #ပိုက်ဆံယူစစ်မှုထမ်း #ရှေ့တန်း #ဗိုက်ပေါက် #ဒေသခံများ #ကုသစရိတ်ကောက်ခံ #Ayeyarwaddy_Times