ဧရာဝတီတိုင်းမ်
ဇွန် ၁၅ ရက်

ရှမ်းမြောက်၊ TNLA တပ်မဟာ(၃) နယ်မြေ နောင်ချိုမြို့နယ်ရှိ ရွှေသွန်းကျေးရွာ၊ ပိန္နဲကုန်းနှင့် ညောင်တော ကျေးရွာတို့တွင် စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

ရွှေသွန်းကျေးရွာတွင် ပြီးခဲ့သည့် ဇွန် ၁၃ ရက် နေ့လယ် ၁၂ နာရီ ၂၀ မိနစ်က စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ လက်နက်ကြီး ၃၅ လုံးနှင့် ဒရုန်းဗုံး ၁၂ လုံးတို့ဖြင့် ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အတူ ပိန္နဲကုန်းနှင့် ညောင်တောကျေးရွာဘက်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ရာ ထိုတိုက်ပွဲတွင် စစ်ကောင်စီက လက်နက်ကြီးအလုံး ၅၀၊ ဗုံး ၁၅ လုံးတို့ဖြင့် ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့ ယခုဇွန်လကုန်အထိ အပစ်ရပ်စဲကြောင်း ထုတ်ပြန် ထားသော်လည်း စစ်ကောင်စီတပ်က အခွင့်ကောင်းယူကာ အဆက်မပြတ် ထိုးစစ်ဆင်လာသောကြောင့် နောင်ချို မြို့နယ်အတွင်း တိုက်ပွဲများမကြာခဏ ဖြစ်ပွားလျက်ရှိနေကြောင်း TNLA က ဆိုထားသည်။

စစ်ကောင်စီက အပစ်ရပ်စဲသည့်ကာလတွင် နောင်ချိုမြို့နယ်အတွင်းသို့ ထိုးစစ်ဆင်ဝင်ရောက်နေပြီး လက်နက်ကြီးစခန်းအချို့ကို အခြေပြုကာ စစ်ကြောင်းများ ဝင်ရောက်နိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက နောင်ချိုမြို့နယ် ကံကြီးကျေးရွာကို ခေတ္တ ထိန်းချုပ်နိုင်ခဲ့သော်လည်း TNLA တပ်များနှင့် တိုက်ပွဲဖြစ်ပွားပြီး ဇွန်လ ၇ ရက်နေ့တွင် ကံကြီးရွာမှ တပ်ဆုတ်ထွက်ပြေးရကြောင်း သိရသည်။

ဓာတ်ပုံ-TNLA

#ရှမ်းမြောက် #နောင်ချို #စစ်ကောင်စီ #TNLA #တိုက်ပွဲ #ဆက်လက်ပြင်းထန် #Ayeyarwaddy_Times