
ဧရာဝတီတိုင်းမ်
ဇွန် ၁၅ ရက်
ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက် ပွဲဖြစ်ပွားနေရာ စစ်ကောင်စီဘက်မှ စစ်ကြောင်မှူးနှင့် တပ်ရင်းမှူးအပါအဝင် တပ်ရင်းလိုက် လက်နက်ချကာ အလင်းဝင် လာကြောင်း သိရသည်။
ကျောက်ဖြူ ပြိုင်စေ့ကေကျေးရွာနှင့် မင်းတပ်တောင် တိုက်ပွဲအတွင်း စစ်ရှုံးသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များသည် AA ထံ လက်နက်ချ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။
“ထိုးစစ်ဆင်ဖို့ထွက်လာတဲ့ စစ်ကြောင်းတစ်ခုလုံး AA နဲ့ချိတ်ဆက်ပြီး လက်နက်ချခဲ့တာလို့ သိထားပါတယ်” ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တပ်မ (၁၁) နှင့် တပ်မ (၉၉) တို့မှ ပူးပေါင်းတပ်ဖွဲ့များသည် AA ထံ လာရောက်ပူးပေါင်းခြင်းဖြစ်ပြီး အင်အားမှာ ၇၀ ခန့်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် မေ ၃၀ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်ကလည်း စက်မှုလက်မှုသင်တန်းကျောင်းတွင် အခြေပြု ထားသည့် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ တိုင်းစစ်ဦးစီးမှူး ပထမတန်း ဒုတိယဗိုလ်မှူးကြီး ကျော်လင်းကြိုင်အပါအဝင် စစ်သုံ့ပန်းများကို AA က လက်ရဖမ်းဆီးခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း စစ်တွေ ဗျိုင်းဖြူကျေးရွာတွင် ဖမ်းဆီးခံလိုက်ရပြီးနောက် ကျောက်ဖြူ တိုက်ပွဲအတွင်းသို့ ပို့ဆောင်ခြင်းခံထားရသည့် ကျေးရွာသားများသည် AA နှင့် လာရောက်ပူးပေါင်း ခဲ့ကြောင်း သိရသည်။
တရုတ်ဂတ်စ်ပိုက်လိုင်းများနှင့် မီတာ ၆၀၀၀ ကွာဝေးသည့် နေရာများတွင် တိုက်ပွဲအပြင်း အထန်ဖြစ်ပွားနေပြီး စစ်ကောင်စီသည် ၎င်းတို့အခြေပြုထားသည့် စခန်းများမှ ထွက်ကာ ထိုးစစ် ဆင်နေသည့်အတွက် တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။
ယခုရက်ပိုင်းတွင် ကျောက်ဖြူ-ရန်ကုန်အသွား လမ်းပေါ်ရှိ ဂုံးချွိန်တိုက်နယ်အတွင်း အမှတ် (၃၂) ရဲတပ်ရင်းအထိ တိုက်ပွဲရောက်ရှိလာပြီး စစ်ကောင်စီက ကြည်း၊ရေ၊လေ အသုံးပြုခုခံနေကြောင်း သိရသည်။
ပုံစာ- AA ထံ အလုဖြူထောင် လက်နက်ချအညံ့ခံခဲ့ကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ပုံဟောင်း)
#ရခိုင် #ကျောက်ဖြူ #စစ်ကောင်စီတပ်ရင်းမှူး #စစ်ကြောင်းမှူး #တပ်ရင်း #လက်နက်ချအလင်းဝင် #AA #Ayeyarwaddy_Times