ဧရာဝတီတိုင်းမ်
ဇွန် ၁၅ ရက်

အမျိုးသမီးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကျူးလွန်ခဲ့သည့် ထင်ရှားသည့် လူငယ် တက်ကြွလှုပ်ရှားသူ မောက်ခမ်းဝါ(ခ)မင်းသူကျော်ကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) အနေဖြင့် အရေးယူပေးရန် ယမန်နေ့ ဇွန် ၁၄ ရက်နေ့တွင် ဂျဲန်ဒါတရားမျှတရေးဆိုင်ရာအဖွဲ့အစည်း ၁၀ ဖွဲ့က တောင်းဆိုခဲ့သည်။

ထင်ရှားသည့် ဓာတ်ပုံဆရာနှင့် ဒါရိုက်တာဖြစ်သူ မောက်ခမ်းဝါမှာ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု၊ မဖွယ်မရာပြုမှုတို့အပြင် ကရင်နီပြည်တော်လှန်ရေးအတွက် ငွေကြေးများကိုအလွဲသုံးစားပြုမှုတို့ကို ကျူးလွန်ခဲ့ပြီး ၎င်းလုပ်ရပ်များကို သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးသည့် ဖြစ်စဉ်များ ကိုလည်း စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီဖြစ်ရပ်တွေကို ပြောရမယ်ဆိုရင်ရာထူးအာဏာ အရင်းမြစ်တွေကိုပိုင်ဆိုင်တဲ့သူတွေက ပိုကျူးလွန် တက်တာမို့လို့ ဒီလိုမျိုးလူသိများထင်ရှားတဲ့သူတစ်ယောက်ကို ထုတ်ဖော်ပြောဆို လာတဲ့သူကို အများ ကြီးကျေးဇူးတင်တယ်။ အရေးယူပေးတဲ့အစုအဖွဲ့ အသီးသီးကိုလည်း လေးစားတယ်။ ဒါက ကြုံတွေ့ ခဲ့ရတဲ့ နစ်နာသူအတွက်တင် မဟုတ်ဘူး။ ကျွန်မတို့အမျိုးသမီးတွေအားလုံးအတွက်ပါ လုံခြုံမှုကို ခံစားရစေပါတယ်” ဟု Sisters to Sisters အဖွဲ့အစည်းမှ ဦးဆောင်ကော်မတီအဖွဲ့ဝင် မသဥ္ဇာရွန်းလဲ့ရည် က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တော်လှန်ရေးကိုအကြောင်းပြ၍ ရာထူး၊ အာဏာဖြင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု၊ အကြမ်းဖက်မှု ကျူးလွန်သူများကို ခြွင်းချက်မရှိအရေးယူရမည်ဖြစ်ပြီး IEC အနေဖြင့် ကရင်နီပြည်ကြားကာလ တရားစီရင်ရေးဥပဒေများအရ နစ်နာသူအားကာကွယ်ပေးပြီး မင်းသူကျော်(ခ)မောက်ခမ်းဝါ ကို အရေး ယူပေးရန်လည်း အဆိုပါအဖွဲ့အစည်း ၁၀ ဖွဲ့က တောင်းဆိုခဲ့သည်။

“အရပ်ဖက်အဖွဲ့အစည်းတွေကနေ အခုလိုမျိုးတောင်းဆိုတာတွေ့ရတော့ ကျွန်တော်တို့အရမ်းကို ဝမ်းမြောက်တယ်။ ဂုဏ်လဲဂုဏ်ယူတယ်။ IEC အနေနဲ့ကလည်း အရပ်ဖက်အဖွဲ့အစည်းတွေ ပြောသလို တာဝန်ရှိပါတယ်။ ကရင်နီပြည်နယ်သူ၊ ပြည်နယ်သားဖြစ်မှ မဟုတ်ပါဘူး။ ကရင်နီပြည်နယ်ထဲ ရောက်ရှိပြီးတော့မှ ကျူးလွန်သည့် မည်သည့်မြန်မာနိုင်ငံသူ၊ နိုင်ငံသားမဆို၊ နိုင်ငံခြားသာမဆို ဥပဒေကြောင်းအရ အရေးယူရမယ့်တာဝန်၊ တရားမျှတမှုကို ဖော်ဆောင်ပေးရမယ့်တာဝန်ရှိတယ်လို့ လက်ခံယုံကြည်တယ်” ဟု IEC အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

မောက်ခမ်းဝါ(ခ)မင်းသူ‌ကျော်မှာ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ၎င်းသည် လွိုင်ကော် PDF တပ်ဖွဲ့အတွက် ရန်ပုံငွေရှာဖွေရေးအပိုင်းတွင် တာဝန်ယူခဲ့ပြီး တော်လှန်ရေးအစောပိုင်းကာလတွင် ကရင်နီပြည်တွင်း နေထိုင်ခဲ့သူတစ်ဦး ဖြစ်ကြောင်း သိရသည်။

မောက်ခမ်းဝါ(ခ)မင်းသူကျော်၏ ပြစ်မှုများကို အရေးယူပေးရန် တောင်းဆိုခဲ့သည့် ဂျဲန်ဒါရေးရာ အဖွဲ့အစည်းများမှာ Gender Equality Network၊ Nway Oo Che၊ OCTOPUS Youth Organization၊ Politics for Women Myanmar၊ Sisters 2 Sisters၊ Spouses of People’s Soldiers၊ The Fireflies Youth Organization၊ Women Advocacy Coalition – Myanmar၊ Women Alliance Burma၊ Women’s Organization of Political Prisoners တို့ဖြစ်သည်။

#မောက်ခမ်းဝါ #လိင်ပိုင်းဆိုင်ရာအမြတ်ထုတ် #ငွေကြေးအလွဲသုံးစား #အရေးယူတောင်းဆို #IEC #Ayeyarwaddy_Times