
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇွန် ၁၄ ရက်
တနင်္သာရီ တိုင်း ၊ ထားဝယ်မြို့ မှ သရက်ချောင်းမြို့သို့ ရှေ့တန်းပြန်စစ်ကောင်စီတပ်သားများ ကိုပို့ပြီးပြန်လာသော စက်လှေ နှစ်စီး ကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိသွားကြောင်း ထားဝယ်လူငယ်လက်ရုံးတပ်ထံမှသိရသည်။
ထားဝယ် မြို့ မှ သရက်ချောင်းမြို့သို့ ရှေ့တန်းပြန် စစ်ကောင်စီတပ်သားများပို့ပြီးပြန်လာသည့် အင်အား ၈၀ ပါတဲ့ စစ်ကောင်စီ လှေ နှစ်စီးကို ထားဝယ်မြစ်တစ်နေရာတွင် တော်လှန်ရေးပူးပေါင်းတပ်များက ဇွန်လ ၁၀ ရက် နေ့လည် ၁၂ နာရီခန့်အချိန်တွင် စနိုက်ဘာ အပါဝင် လက်နက်ငယ်များဖြင့် နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
“ရှေ့တန်းပြန် စစ်ကောင်စီတပ်သားတွေကို သွားပို့တုန်းက အင်အား ၁၅၀ ပါ။ ပြန်လာတဲ့ အချိန်မှာ လှေ နှစ်စီး နဲ့ အင်အား ၈၀ ပဲ့ ပြန်ပါလာတယ်။ အင်အား ၇၀ ကို ဆင်ပြူပြင် ဘောက နေပြီး သရက်ချောင်းတပ်ရင်းကိုပို့ခဲ့တာ ။ပြန်လာတဲ့ အချိန်မှာပစ်တာပါ။ အဲဒီ စစ်ကောင်စီတပ်သားတွေက သရက်ချောင်း တပ်ရင်းက ရှေ့တန်းပြန်တွေဖြစ်တယ်”ဟု ထားဝယ်လူငယ်လက်ရုံးတပ် မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယင်းတိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှု မိနစ် နှစ်ဆယ်ခန့်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာ ရရှိကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို ထားဝယ်လူငယ်လက်ရုံးတပ်နှင့် KNLA တပ်ရင်း (၁၂) တပ်ခွဲ (၁) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး တော်လှန်ရေးပူးပေါင်းတပ်များဖက် မှ အထိအခိုက်မရှိဆုတ်ခွာလာနိုင်ခဲ့ကြောင်းသိရသည်။
ပုံစာ– အင်အား ရှစ်ဆယ်ခန့်ပါသည့် စစ်ကောင်စီတပ်မှ စက်လှေနှစ်စီးကို ထားဝယ်မြစ်အတွင်းတစ်နေရာ ၌ တော်လှန်ရေးပူးပေါင်းတပ်များတိုက်ခိုက်နေကြစဥ်။
#သရက်ချောင်း #ရှေ့တန်းပြန်စစ်ကောင်စီတပ်သားများ #စက်လှေ၂စီးတိုက်ခိုက်ခံရ #စစ်ကောင်စီတပ်သား၂ဦးသေဆုံး #၃ ဦးဒဏ်ရာရ #Ayeyarwaddy_Times