နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၁၄ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်ရှိ၊ အင်းလေးဒေသတွင် ငလျင်လှုပ်ခတ်မှုကြောင့် ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေရချိန် မိုးဆက်တိုက်ရွာ၍ ရေပေါ်ရွာများ ရေကြီးရေမြုပ်နေကြောင်း ဒေသခံများထံက သိရသည်။

အင်းလေးဒေသတွင် ရေပေါ်ရွာနှင့် ကုန်းရွာဟူ၍ တည်ရှိကာ ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသဖြင့် ကေလာ၊ ညောင်ရွှေကားလမ်းအပါ ရေပေါ်ရွာအားလုံး ရေကြီးရေမြုပ်နေကာ ဒေသခံများ အရေးပေါ် ပြောင်းရွှေ့နေရကြောင်း သိရသည်။

“ရေတတ်လာတာက တစ်ပေနှစ်ပေနဲ့ ရက်တော့တော်တော်ကြာပြီ။ အင်းလေးရေပေါ်ရွာအားလုံး ရေတက်နေတယ်။ ကုန်းပေါ်က ရွာတွေဘဲ ကျန်တယ်” ဟု အင်းလေးဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့ မိုးရွာသဖြင့် နမ့်ပန်ရွာ၊ ပေါရိဿကံထောင့်ရွာ စသည်တို့တွင် စပါးခင်း၊ စိုက်ခင်း၊ ကြံခင်းနှင့် ပြောင်းခင်းများ ရေမြုပ်သွားသလို ကျေးရွာတချို့ ရေအတတ်မြန်ကာ အိမ်ထဲအထိ ရေဝင်မှုများရှိကြောင်း သိရသည်။

အင်းလေးဒေသသည် ယမန်နှစ်၊ စက်တင်ဘာက တောင်ကျရေနှင့် ရာဂီမုန်တိုင်းကြောင့် ရေဘေးကြုံ၍ လူထိခိုက်သေဆုံး၊ နေအိမ်များ ပျက်စီးခဲ့သလို ယခုနှစ် ငလျင်ကြီးကြောင့်လည်း ထိခိုက်ပျက်စီးမှုနှင့် လူသေဆုံးမှု များပြားခဲ့ကြောင်း သိရသည်။

“အခုရေ‌တတ်လာတော့ ပြန်လည်ထူထောင်ရေးကို ဆက်မလုပ်ဘဲ ရွှေ့ပြောင်းနေရပါပြီ။ ရေအရမ်းမတတ်သေးတဲ့ ရွာတွေကတော့ အိမ်အမြန်ဆောက်တာ ဆက်လုပ်နေပေမယ့်လဲ စိုးရိမ်နေကြရပါတယ်” ဟု အင်းလေးဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ရေတက်လာသည့်အတွက် ဒေသခံများသည် ၎င်းတို့ပစ္စည်းများကို သိမ်းယူ၍ ရေလွတ်ရာ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း စသည်တို့ကို ပြောင်းရွှေ့နေကြရ၍ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ထို့အပြင် ပြောင်းရွှေ့သွားလာရာတွင် အသုံးပြုရန် စက်လှေ၊ လောင်စာ၊ စားနပ်ရိက္ခာ၊ ငွေကြေးတို့ ယခင်ကထက် လိုအပ်နေပြီး လာမည့် သုံးရက်အတွင်း သုံးပေမှ ခုနှစ်ပေအထိ ရေတက်နိုင်သည်ဟု ပညာရှင်များက ခန့်မှန်းလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – အင်းလေးဒေသခံ
#ငလျင်ဒဏ်သင့် #အင်းလေးဒေသ #မိုးဆက်တိုက်ရွာ #ရေပေါ်ရွာများ #ရေကြီးရေမြုပ်နေ