ဧရာဝတီတိုင်းမ်
ဇွန် ၁၃ ရက်

ရှမ်းမြောက်၊ နောင်ချိုမြို့နယ်ရှိ နောင်ချိုကြီးကျေးရွာတွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

နောင်ချိုမြို့၊ ကံကြီးကျေးရွာမှ ဆုတ်‌ခွာပေးလိုက်ရသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ နောင်ချိုကြီးကျေးရွာတွင် တိုက်ပွဲဆက်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

“တောင်ခမ်းမှာ စစ်ကောင်စီက ကံကြီးကနေ ကစဉ့်ကလျား ဆုတ်ခွာပြေးရတယ်။ ရွှေမောဋ္ဌောရောက်တဲ့အထိ လိုက်တိုက်နေတယ်”ဟု နောင်ချိုဒေသခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တောင်ခမ်းကျေးရွာရှိ အမြောက်တပ်များရှိရာသို့ စစ်ကူဝင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များ ကံကြီးကျေးရွာအထိ ရောက်ရှိလာပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန် ၇ ရက်နေ့ ညနေပိုင်းတွင် ကံကြီးကျေးရွာမှ စစ်ကောင်စီတပ်များကို TNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့များ တပ်ဆုတ်သွားရသည်။

ထို့နောက် နောင်ချိုကြီးကျေးရွာတွင် တိုက်ပွဲဆက်ဖြစ်ခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးများနှင့် ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇွန် ၉ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် TNLA တပ်တို့ ပိန္နဲကုန်းနှင့် ကံကြီးကျေးရွာကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက နောင်ချိုမြို့ကို ပြန်လည်ရရှိရန် စစ်ကြောင်းများစွာ ဖြန့်ခွဲ၍ ထိုးစစ်ဆင်နေပြီး လေကြောင်းဗုံးကြဲခြင်းနှင့် အဆိပ်ငွေ့ဗုံးကြဲချခြင်းများကို ပြုလုပ်လျက်ရှိသည်။

ကံကြီးရွာအတွင်း ရောက်ရှိနေစဉ်ကာလတွင် စစ်ကောင်စီက နောင်ချိုမြို့ပေါ်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံအားလုံးနီးပါး စစ်ရှောင်ထွက်ပြေးရကြောင်း သိရသည်။

#ရှမ်းမြောက် #နောင်ချို #နောင်ချိုကြီး #တိုက်ပွဲဖြစ် #ကံကြီးရွာ #စစ်ကောင်စီတပ် #ဆုတ်ခွာထွက်ပြေး
#Ayeyarwaddy_Times