ဧရာဝတီတိုင်းမ်
ဇွန် ၁၄ ရက်

နိုင်ငံရးပဋိပက္ခအပါအဝင် ဘေးအန္တရာယ်ကျရာက်မှုနှင့် အထွေထွေအကျပ်အတည်းများကြောင့် မြန်မာနိုင်ငံတွင် ကလေးသူငယ်အလုပ်သမားများပြားလာ ကြောင်းသိရသည်။

လက်ရှိတွင် ကလေးအလုပ်သမား ၁ ဒသမ ၁၂၅ သန်း ခန့်ရှိနေပြီး ယခင်နှစ်က ၁ ဒသမ ၁၃ သန်းခန့်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ခန့်မှန်းချက်အရသိရသည်။

ပြည်တွင်း၌ လတ်တလောဖြစ်ပေါ်နေသည့် ပဋိပက္ခများ၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုများနှင့် နိုင်ငံရေးအကျပ်အတည်းများက ကလေးအလုပ်သမား လျှော့ချရေးဆောင်ရွက်ရာတွင် သိသာထင်ရှားသည့် စိန်ခေါ်မှုများဖြစ်ကြောင်း စစ်ကောင်စီ ဖော်ပြထားသည်။

” သား၊သမီးသုံးယောက်ရှိတယ်။ အကြီးဆုံးယောင်္ကျားလးက grade 12 ၊ အလတ်က အခုရှိရင်အသက် ၁၂ နှစ်လူကောင်ထွားလို့ ငယ်တယ်မထင်ရဘူး။ အခုဆိုင်ကယ် ကယ်ရီမာင်းနေတယ်။ မိဘက ကျောင်းတက်စချင်တာပေါ့။ သူက ကျောင်းတက်ပြီးလည်းဘာမှမထူးဘူးပြောတော့ အလုပ်ပဲခိုင်းရတာပဲ” ဟု လှိုင်သာယာမြို့နယ်နေထိုင်သူ ဆိုင်ကယ် ကယ်ရီမာင်းသူ အမျိုးသားတစ်ဦးက ပြောကြားသည်။

ကလေးသူငယ်အလုပ်သမားများသာမက တောင်းရမ်းစားသာက်ရသည့် ကလေးများလည်းများလာကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအရ အသက်(၁၈)နှစ်မပြည့်သေးသောသူများကို ကလေးသူငယ်ဟုခါ်ဆိုနိုင်ပြီး မိသားစုအတွက် တစ်စိတ်တစ်ပိုင်း ဝင်ငွေရရှိရန် အလုပ်လုပ်ကြသည့်ကလေးငယ်များပြားလာကြောင်းသိရသည်။

ကလေးအလုပ်သမားသုံးပုံတစ်ပုံသည် အိမ်အကူလုပ်ကိုင်ကြရခြင်း၊စိုက်ပျိုးရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊လက်လီလက်ကားရောင်းဝယ်ရေးလုပ်ငန်းများတွင် လုပ်ခနည်းပါးစွာနှင့် အလုပ်ချိန်ကြာမြင့်စွာ လုပ်ကိုင်နေကြရကြာင်း စစ်ကောင်စီ ဖော်ပြထားသည်။

လက်ရှိလက်နက်ကိုင်ပဋိပက္ခဖြစ်ပေါ်နေသည့် ဒေသများတွင် ကျောင်းများ မဖွင့်လှစ်နိုင်ခြင်း၊ အခြေခံပညာသင်ကြားမှုမပြီးဆုံးခင် ကျောင်းထွက်နေကြခြင်းတို့ကြောင့် ကလေးအလုပ်သမားပြဿနာကို ဖြေရှင်းရာတွင် ခက်ခဲနိုင် ကြောင်း စစ်ကောင်စီ ဖော်ပြထားသည်။

ထို့ပြင် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၄၈ တွင် မည်သည့် ကလေးသူငယ်ကိုမျှ အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း သို့မဟုတ် အလုပ်လုပ်ကိုင်ခွင့်မပြုရန်၊ အလုပ်လုပ်နိုင်စွမ်းရှိသည့် ကလေးသူငယ်၏ အသက်သည် (၁၄)နှစ်အောက် မငယ်စေရန် တားမြစ်ထားပြီး အဆိုပါတားမြစ်ချက်များကို ဖောက်ဖျက်ပါက ထောင်ဒဏ်၊ ငွေဒဏ်များချမှတ်ခံရမည်ဖြစ်ကြာင်းပြဌာန်းထားသည်။

ဓာတ်ပုံ- ဧရာဝတီတိုင်းမ်

#ကလေးသူငယ်အလုပ်သမားတိုး #အထွေထွေအကျပ်အတည်း #မြန်မာနိုင်ငံ #အပြည်ပြည်ဆိုင်ရာ #အလုပ်သမားအဖွဲ့ချုပ် #ILO #Ayeyarwaddy_Times