
ဧရာဝတီတိုင်းမ်
(မန္တလေး)၊ ဇွန် ၁၄ ရက်
စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်မှ မန္တလေးတိုင်း၊ မန္တလေးအိုးဘိုးအကျဉ်းထောင်သို့ စစ်ကောင်စီက ပြီးခဲ့သည့် ဇွန် ၁၂ ရက်နေ့က မုံရွာလူထုသပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို ထောင်ပြောင်းရွှေ့မှုပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံကသိရသည်။
မုံရွာအကျဉ်းထောင်မှ ကုန်ကားခြောက်စီးဖြင့် အမျိုးသား ၁၅၀ ဦးနှင့် အမျိုးသမီး ၅၀ ဦးဝန်းကျင်ကို ထောင်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး အိုးဘိုထောင်ဗူးဝအရောက်တွင် ထောင်ပြောင်းရောက်ရှိလာသူ အားလုံးနီးပါးကို အကျဉ်းဦးစီးဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များမှ ရောဘာတုတ်၊သစ်သားတုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း သိရသည်။
“အဓိကကတော့ထောင်ဗူးဝမှာ ဦးချိုးတဲ့သဘောဖြစ်တယ်။ တခြားထောင်မှာဘာကြီးပဲဖြစ်ခဲ့ဖြစ်ခဲ့ ငါတို့အကျဉ်းထောင်ရောက်ရင်ဒီလိုနေရမယ်ဆိုတဲ့သဘောနဲ့ ရိုက်နှက်ညှင်းပန်းနှိပ်စက်တာမျိုး။ ဒီတခေါက်ကလဲ အကြောင်းပြချက်ပေး၍ရော မပေး၍ရောရိုက်တာဖြစ်ပါတယ်ဗျ။ တချို့ကလည်း လမ်းမှာမိုင်းဆွဲခံရလို့ ရိုက်တာလိုမျိုးဆိုပေမဲ့ တကယ်တော့ အားလုံးကိုရည်ရွယ်ချက်ရှိရှိနဲ့ ထောင်ရဲ့သဘောသဘာဝအရဦးချိုးတဲ့ပုံစံမျိုးရိုက်နှက်တာလို့ပြောချင်ပါတယ်” ဟု PPNMမှ ကိုသိုက်ထွန်းဦးကဧရာဝတီတိုင်းမ်ကို ပြောသည်။
ရိုက်နှက်ခံရမှုကြောင့် နိုင်ငံရေးအကျဉ်းသားအနည်းဆုံး ၅၀ ဦးမှာ ဦးခေါင်း၊ လက် နှင့် နောက်ကျောတစ်လျှောက်တွင် ထိရှပေါက်ပြဲ ဒဏ်ရာများရရှိခဲ့ကြကြောင်းလည်း သိရသည်။
စစ်ကောင်စီသည် လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်း စစ်ရေးတင်းမာမှုနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ နယ်မြေထိန်းချုပ်လာနိုင်မှုများကြောင့် မုံရွာထောင်မှ နိုင်ငံရေးအကျဉ်းသားများကို ကြိုတင်ပြောင်းရွှေ့ထားခြင်းဖြစ်နိုင်ပြီး ထောင်ဝင်စာခက်ခဲစေရန်ရည်ရွယ်၍ မိသားစုဝင်များနှင့် ဝေးကွာသည့်ထောင်သို့ ပြောင်းရွှေ့စေခြင်းဖြစ်နိုင်ကြောင်းလည်း PPNM ထံက သိရသည်။
“ကိုဝေမိုနိုင်လည်း ထောင်ပြောင်းပါတယ်။ မုံရွာထောင်ပြောင်းပဲဖြစ်ဖြစ် ဘယ်ထောင် ပြောင်းမဆို ထောင်ဗူးဝဝင်တာနဲ့အကျဉ်းဦးစီးဘက်က ရိုက်တာ ဘယ်သူ့နေနေရိုက်တာပဲ။ အဲ့တော့ကိုမိုးနိုင်လဲလွတ်မယ်မထင်ဘူး” ဟု မုံရွာလူထုသပိတ်ဦးဆောင် ကော်မတီဝင် ကိုလွင်မိုးသန့်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
မန္တလေးအိုးဘိုထောင်တွင် ပြီးခဲ့သည့် မေ ၂၇ ရက်နေ့ကလည်း နိုင်ငံရေးအကျဉ်းသူ စီဒီအမ် အလယ်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်းမှာ တီဘီရောဂါဖြစ်ပွားနေကာ ဆေကုသခွင့် လုံလောက်စွာမရရှိသည့်အတွက် သေဆုံးခဲ့ရ ကြောင်း PPNM က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – အင်တာနက်
#မုံရွာထောင်ပြောင်း #အိုးဘိုထောင် #စစ်ကောင်စီ #အကျဉ်းဦးစီး #ရိုက်နှက် #နိုင်ငံရေးအကျဉ်းသား #ကိုဝေမိုးနိုင် #Ayeyarwaddy_Times