
ဧရာဝတီတိုင်းမ်
(တီးတိန်)၊ ဇွန် ၁၃ ရက်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကလေး – သိုင်းငင်း ကားလမ်းပေါ်တွင် စစ်ကောင်စီ တပ်အင်အား ဖြည့်တင်းနေကြောင့် ဒေသခံစစ်ရေးသတင်းအရင်းမြစ်ထံမှ သိရှိရသည်။
စစ်ကိုင်းကိုင်း၊ ကလေးမြို့မှ ချင်းပြည်နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့တို့သည် ပြီးခဲ့သည့် မေလအတွင်းက တီးတိန်မြို့နယ်၊ ကလေး – သိုင်းငင်း ကားလမ်းပေါ်ရှိ မွှာလ်ပီကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲကြောင့် အထိနာသွားသော စစ်ကောင်စီတပ်သည် ယခုရက်ပိုင်း ကလေး-သိုင်းငင်း ကားလမ်းပေါ်တွင် ကလေးမြို့မှ တပ်အင်အားကို ပြန်လည်ဖြည့်တင်းနေခြင်းဖြစ်ကြောင်း သိရသည်။
“စားနပ်ရိက္ခာတွေပါတယ်။ လက်နက်ခဲယမ်းတွေ၊ လူအင်အားတွေပါတယ်။ ကလေးမြို့ကနေ အခုရက်ပိုင်း ရက်ခြားဆိုသလို ကားတွေနဲ့ ဆက်တိုက် ဖြည့်တင်းနေပါတယ်”ဟု ဒေသခံစစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ချင်းပြည်နယ်သို့ ထိုးစစ်ဆင်လာသည် စစ်ကောင်စီစစ်ကြောင်းသည် တီးတိန်မြို့နယ်၊ မွှာလ်ပီကျေးရွာ အနီး တိုက်ပွဲတွင် အထိနာကာ ဆက်လက်၍ ထိုးစစ်ဆင်နိုင်ခြင်းမရှိသည့်အတွက် ကလေး-သိုင်းငင်း ကားလမ်းပေါ်တွင် ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါတွင် အဆိုပါ စစ်ကောင်စီတပ်သည် စစ်ကြောင်း ဆက်လက် ထိုးစစ်ဆင်နိုင်ရေးအတွက် တပ်အင်အားဖြည့်တင်းနေခြင်းဖြစ်ပြီး ကလေး – သိုင်းငင်း ကားလမ်းပေါ်တွင် တိုက်ပွဲများ ပြန်လည် ပြင်းထန် လာနိုင်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။
“ပြီးခဲ့တဲ့လ တိုက်ပွဲတုန်းက အထိနာများတဲ့ စစ်ကောင်စီက တပ်အင်အားဖြည့်တင်းပြီး စစ်ကြောင်း ပြန်ထိုးဖို့ ပြင်ဆင်နေတာဖြစ်မယ်။ CDF တွေ ခုခံတိုက်ခိုက်ခဲ့လို့ အဲတုန်းက တပ်ဆုတ်လိုက်၊ တက်လိုက်နဲ့ စစ်ကြောင်း ထိုးပေမယ့် မွာလ်ပီရွာမကျော်နိုင်ဘူး။ အခု တပ်အင်အား ထပ်ဖြည့်တင်း နေတယ်။ တိုက်ပွဲတွေပြန်ပြင်းထန်လာနိုင်တယ်” ဟုဒေသခံစစ်ရေးသတင်းအရင်းမြစ်မှ ဧရာဝတီတိုင်းမ် ကို ဆက်လက်ပြောသည်။
တီးတိန်မြို့နယ်ရှိ ကလေး – သိုင်းငင်း ကားလမ်းသည် ဖလမ်းမြို့ နှင့် တီးတိန်မြို့တို့ကို ဆက်သွယ် သွားလာနိုင်သည့် ကားလမ်းဖြစ်ပြီး အဆိုပါ ကလေး-သိုင်းငင်း ကားလမ်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့ အသီးသီးက ထိန်း ချုပ်ထားကြောင်း သိရသည်။
ဖလမ်းမြို့ကို ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) က ထိန်းချုပ်ထားပြီး တီးတိန်မြို့ပေါ်တွင်မူ စစ်ကောင်စီတပ်က ထိန်းချုပ်ထားသည်။
ပုံစာ-ကလေး – သိုင်းငင်း ကားလမ်း
#ကလေးသိုင်းငင်းကားလမ်း #စစ်ကောင်စီတပ် #အင်အားဖြည့်တင်း #တိုက်ပွဲများပြင်းထန်လာနိုင် #Ayeyarwaddy_Times