ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ ဗျူဟာတပ်စခန်းကို CDF-Daai မှ နယ်မြေရှင်းလင်းမှုများလုပ်ဆောင်နေ

ဗွီအာတီ၊ ဧရာဝတီတိုင်းမ်

(ပလက်ဝ)၊ ဩဂုတ် ၂၈ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ သံတောင်ကျေးရွာတွင် တပ်စွဲထားတဲ့ ဗျူဟာတပ်စခန်းကို စစ်ကောင်စီတပ်များက ဩဂုတ်လ ၂၅ ရက်နေ့ ညဘက်တွင် တိတ်တစ်ဆိတ်တိမ်းရှောင်စွန့်ခွာခဲ့ပြီး အဆိုပါဗျူဟာတပ်စခန်းနှင့် အနီးအနားဝန်းကျင်များကို CDF-Daai မှ နယ်မြေရှင်းလင်းမှုများလုပ်ဆောင် နေကြောင်း CDF-Daai တာဝန်ရှိသူမှ ပြောကြားသည်။

စစ်ကောင်စီတပ်များက စခန်းစွန့်ခွာမှုကြောင့် CDF-Daai ထိန်းချုပ်ထားသော နယ်မြေများတွင် တိုက်ပွဲများအချိန်မရွေးဖြစ်ပွားလာနိုင်သောကြောင့် အနီးအနားရှိ ကျေးရွာနေပြည်သူလူထုများများအနေဖြင့် လုံခြုံသောနေရာများသို့ ခေတ္တတိမ်းရှောင်ကြရန်နှင့် ခရီးသွားလာခြင်းများမပြုလုပ်ကြရန် CDF-Daai (ဒိုင်)က ဩဂုတ်လ ၂၆ ရက်နေ့တွင်

သတိပေးထုတ်ပြန်ထားသည်။

“စစ်ကောင်စီတပ်တွေက သံတောင်ကျေးရွာမှာရှိတဲ့ တပ်စခန်းကို စွန့်ခွာသွားတယ်ပေါ့နော်၊ စခန်းကို စွန့်ခွာသွားတဲ့ စစ်ကောင်စီတပ်တွေက ဘယ်ဘက်ကို ခြေဦးတည်တယ်၊ ကျွန်တော်တို့ စခန်းဘက်ကိုပဲ တပ်ဖြောက်ပြီးမှ လာနေသလားပေါ့နော်၊ အဲ့ဒါတွေ ကျွန်တော်တို့ အထူးစောင့်ကြည့်တဲ့ အနေအထားမှာ ရှိပါတယ်၊ ပြီးတော့ စစ်ကောင်စီတပ်တွေက စွန့်ခွာသွားတဲ့

စခန်းကို ကျွန်တော်တို့က နယ်မြေရှင်းလင်းရေးတွေ ပြုလုပ်နေပါတယ်၊ ပြီးတော့ တပ်စခန်းအနီးအနားမှာရှိတဲ့ ပတ်ဝန်းကျင်အားလုံးကို နယ်မြေရှင်းလင်းရေးသွားနေတယ်၊ ကျွန်တော်တို့ စခန်းအသီးသီးကိုလည်း လုံခြုံရေးတွေကအစ အသင့်အနေထားမှာ ရှိနေပါတယ်ဗျ”လို့ CDF-Daai မှ ပြောရေးဆိုခွင့်ရှိသူဆလိုင်းတောင်မင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

နယ်မြေရှင်းလင်းရေးများပြုလုပ်ရာတွင် စစ်ကောင်စီတပ်များက ထောင်ထားသော မိုင်းများကို ရှင်းလင်းနေပြီး ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများကို အဆင်သင့်စုဆောင်းကြရန်နှင့် CDF-Daaiမှ တစ်စုံတရာထုတ်ပြန် ထားခြင်းမရှိခင်အထိ ခရီးသွားလာမှုများမပြုလုပ်ကြရန် CDF-Daai ထိန်းချုပ်ထားသော နယ်မြေအတွင်းရှိ ပြည်သူများအား

သတိပေးထုတ်ပြန်ထားသည်ဟုဆိုသည်။

“ပြည်သူလူထုတွေအနေနဲ့ သတိကြီးကြီးနဲ့ နေထိုင်ကြဖို့ပေါ့၊ ကျွန်တော်တို့ တပ်စခန်းနဲ့ နီးတဲ့ ကျေးရွာတွေရော စစ်ကောင်စီတပ်စခန်းတွေနဲ့ နီးတဲ့ ကျေးရွာတွေက ပြည်သူလူထုအားလုံးအနေနဲ့ လုံခြုံမယ့်နေရာတွေမှာ သတိနဲ့ နေထိုင်ကြဖို့၊ ကျေးရွာမှာ ဖွဲ့စည်းထားတဲ့ လုံခြုံရေးတွေကလည်း ပြည်သူလူထုတွေကို အများကြီးကူညီပေးကြဖို့နဲ့ နောက်ပြီးတော့

ပြည်သူလူထုအနေနဲ့လည်း အရမ်းကြီးတထိတ်တလန့် မဖြစ်ကြဖို့ပေါ့နော်၊ အခြေအနေကို စောင့်ကြည့်နေတဲ့ အနေထားဖြစ်တဲ့အတွက် သတိဝိရိယနဲ့ ရှိကြဖို့ ခရီးသွားလာမှုတွေ လုံးဝမပြုလုပ်ကြဖို့ မှာကြားချင်ပါတယ်”လို့ CDF-Daai မှ ပြောရေးဆိုခွင့်ရှိသူဆလိုင်းတောင်မင်းက ဆက်လက်ပြောဆိုသည်။

မတူပီမျိုးနွယ်စုထဲတွင် ပါဝင်သော ဒိုင်လူမျိုးနွယ်စုများသည် မတူပီမြို့နယ်၊ မင်းတပ်မြို့နယ်၊ ကန်ပလက်မြို့နယ် နှင့် ပလက်ဝမြို့နယ်တို့တွင် ပြန့်နှံ့နေထိုင်ကြပြီး ဒိုင်လူမျိုးနွယ်စုကို အခြေပြု၍ CDF-Daai ကို ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်းသိရသည်။

စစ်အာဏာသိမ်းပြီးနောက် CDF-Daai ကို ဖွဲ့စည်းခဲ့ပြီးနောက် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်တွင် စစ်ရေးလှုပ်ရှားမှုများပြုလုပ်ကာ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ခဲ့ကြကြောင်း CDF-Daai ထံမှ သိရသည်။

#Ayeyarwaddy_Times