
ဧရာဝတီတိုင်းက ဈေးတွေမှာ တနင်္ဂနွေနေ့ ဖက်နဲ့ဈေးရောင်းခိုင်းပြီး စစ်ခေါင်းဆောင် ယတြာချေနေ
အောင်မြသန်း/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ ဩဂုတ်လ ၂၈ ရက်
ဧရာဝတီတိုင်းက မြို့နယ် ၂၆ မြို့နယ်မှာရှိတဲ့ စည်ပင်သာယာပိုင်ဈေးတွေမှာ အာဏာသိမ်းစစ်ခေါင်းဆောင် အတွက် ပလပ်စတစ်အိတ်အစား ဖက်နဲ့အစားထိုးရောင်းချခိုင်းပြီး ယတြာချေတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
စစ်ခေါင်းဆောင်အတွက် ယတြာချေတဲ့အနေနဲ့ ပလက်စတစ်အိတ်အစား ဖက်အစားထိုးအသုံးပြုဖို့အတွက် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေက အင်အားသုံးပြီး အပတ်စဉ် တနင်္ဂနွေနေ့တွေမှာ ဈေးတွေကို လိုက်လံစစ်ဆေးတာတွေပြုလုပ်နေတယ်လို့ ဒေသခံဈေးရောင်းချသူတွေထံက သိရပါတယ်။
“ စစ်ကောင်စီက ညွှန်ကြားလို့ပဲနေမှာ ပလပ်စတစ်အိတ်ပျောက်အောင်လုပ်ချင်တာတော့ မဖြစ်နိုင်ဘူး လုပ်ချင်ရင် ဟိုးအရင်ထဲက လုပ်မှာပေါ့ ခုမ စစ်ကောင်စီတပ်သားတွေက သရဲပူးသလို နတ်ပူးသလိုနဲ့ ယတြာ ချေတာတွေလုပ်နေတာ ထင်တာတော့ ကြာကြာဖက်တွယ်နေလို့ရအောင် ဖက်အမျိုးမျိုးသုံးခိုင်းတာဖြစ်မယ်” လို့ မအူပင်မြို့ခံဈေးရောင်းသူတဦးက
ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေက ပလပ်စတစ်အိတ်မသုံးဘဲ ဖက်နဲ့ရောင်းချခိုင်းတာကြောင့် ဈေးရောင်းချသူတွေအနေနဲ့ ကြာဖက်၊ အင်ဖက်နဲ့ ငှက်ပျောရွက်တွေကိုအသုံးပြုနေရပြီး ဖက်ရှာရတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
သားစိမ်း ငါးစိမ်တွေကို ရောင်းချတဲ့အခါမှာလည်း အိတ်နဲ့ထည့်မရတာကြောင့် ဖက်နဲ့ထည့်ရချိန်မှာ သွေးတွေ ထွက်တာတွေ အရေတွေကျတာတွေစတဲ့အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေက ပလပ်စတစ်အိတ်အစားထိုးအသုံးပြုဖို့ တနင်္ဂနွေနေ့ တရက်သာ ပြုလုပ်ခိုင်းတာဖြစ်ပေမယ့် ရက်တိုင်းအသုံးပြုရမယ်ဆိုရင် ရေရှည်အတွက် အဆင်ပြေမှာမဟုတ်ဘူးလို့ ဈေးရောင်းချသူတွေက ပြောပါတယ်။
#Ayeyarwaddy_Times