
ဧရာဝတီတိုင်းတွင် သူခိုးဓားမြဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် တော်လှန်ရေးအင်အားစုများ သတိပေးထုတ်ပြန်
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၈ ရက်
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းတွင် ခိုးဆိုးလုယက် ဓားမြတိုက်မှုတွေ နေ့စဥ်ပိုမိုများပြားလာသဖြင့် ပြည်သူများ ကာကွယ်နိုင်ဖို့အတွက် ဆောင်ရန် ရှောင်ရန်တွေကို တော်လှန်ရေးအင်အားစုတွေက ဩဂုတ်လ ၂၇ ရက်နေ့က သတိပေးထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ပုသိမ်ခရိုင်နှင့် ဟင်္သာတခရိုင်အတွင်းရှိ ပြည်သူများအနေဖြင့် သောင်းကျန်းထကြွနေသည့် သူခိုးဓားပြများ ဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် ဆောင်ရန် ရှောင်ရန်အချက်များကို ဒေသခံတော်လှန်ရေးအင်အားစု(၃)စုမှ ပူးတွဲသတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
“အဓိကကတော့ ပုသိမ်ခရိုင်နဲ့ ဟင်္သာတခရိုင်အတွင်းက ခိုးဆိုးလုယက် ဓားမြမှုတွေရဲ့ အန္တရာယ်ကို ဘယ်လိုရှောင်ရှားရမလဲ။ ဘယ်လိုကြိုတင်ပြင်ဆင်ရမလဲ ။ ဘယ်လိုကာကွယ်ရမလဲဆိုတာကို
ဒေသခံပြည်သူတွေ သတိမူနိုင်အောင် ပုသိမ်ကမြို့ပြပျောက်ကျားတပ်ဖွဲ့ရယ် ၊ ပုသိမ်ခရိုင်ကကျောင်းသားသမဂ္ဂရယ် ၊ဟင်္သာတခရိုင်က ကျောင်းသားသမဂ္ဂအဖွဲ့ရယ် ပူးတွဲကြေငြာချက်ထုတ်ပြန်တာပါ” ဟု မြို့ပြပျောက်ကျားအဖွဲ့က တာဝန်ရှိသူက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ယခုအခါတွင် သက်ဆိုင်ရာခရိုင်များအတွင်းရှိ ရွာစဉ်နယ်စဉ်အလိုက် ဖြတ်စီးနေသောမြစ်ချောင်းများကို အမီပြုပြီး သောင်းကျန်းထကြွနေသော သူခိုးဓားပြများ၏ အန္တရာယ်မှာ ဒေသခံပြည်သူများ၏ အသက်အန္တရာယ်ကို ချိန်းခြောက်လျက်ရှိကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီ၏ တပ်သားများ ၊ထောက်တိုင်များအနီး နီးကပ်စွာမနေကြရန်နှင့် တော်လှန်ရေးအင်အားစုများ၏ စစ်ဆင်ရေး ပစ်မှတ်နေရာများနှင့် နီးကပ်စွာ မနေကြရန် ထပ်ဆင့် သတိပေးထုတ်ပြန်ထားကြောင်း တွေ့ရသည်။
#Ayeyarwaddy_Times