
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇွန် ၁၃ ရက်
တနင်္သာရီတိုင်း ၊ထီးခီးဒေသ ၊ ထိုင်း – မြန်မာနယ်စပ် ငါးရံ့နီစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အားလုံးသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ထိုင်းအကူအညီယူ၍ ဇွန်လ ၁၂ ရက် နံနက်ပိုင်းက စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် ထီးခီးရှိ ဘောဓိနယ်စပ် စခန်းများကို သိမ်းပိုက်ပြီးနောက် ငါးရံ့နီစစ်ကောင်စီစခန်းမှ စစ်ကောင်စီတပ်သားများသည် ကြောက်ရွံ့ စိုးရိမ်စိတ်ဖြင့် စခန်းကိုစွန့်ခွာထွက်ပြေးသွားကြကြောင်း KNU တပ်မဟာ (၄) ထံမှ သိရသည်။
“ဗောဓိနယ်စပ် စခန်းကျပြီး နောက်မှာ အဲဒီငါးရံ့နီစခန်းတစ်ခုပဲ့ ကျန်တဲ့အတွက်ကြောင့် သူတို့က စိုးရိမ်ကြောက်ရွံ့ပြီးထွက်ပြေးသွားကြတာ။ စွန့်ခွာသွားကြတာပေါ့နော်။ အခု ငါးရံ့နီ စခန်းက ဗောဓိ စခန်းနဲ့ သိပ်မဝေးဘူး။ အင်အားကလည်း ဗောဓိစခန်းလောက်မရှိဘူး။ အင်အားက ၂၀ လောက်ပဲ ရှိတယ်။ ပြီးတော့ စစ်ကူမလာနိုင်ဘူးဆိုတာ သူတို့ကြိုသိလို့ စခန်းကို စွန့်ခွာထွက်ပြေးသွား ကြတယ်”ဟု KNU တပ်မဟာ (၄ ) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုင်းအကူအညီဖြင့် စခန်းစွန့်ခွာထွက်ပြေးသွားသည် ငါးရံ့နီစခန်းမှ စစ်ကောင်စီတပ်သားများသည် လက်နက် ငယ်များကိုသာယူဆောင်သွားပြီး သယ်ယူနိုင်ခြင်းမရှိသည့် လက်နက်ကြီးနှင့် အသီးများကို ချန်ထားခဲ့ကြောင်း သိရသည်။
“ထိုင်းအကူအညီ နဲ့ အားလုံးထွက်ပြေးသွားတာ။ ကြောက်ပြီးပြေးသွားကြတာ။ လက်နက်ငယ်တွေတော့ သူတို့ယူသွားတယ်။သူတို့ (စစ်ကောင်စီ) တပ်သားတွေသယ်မနိုင်တဲ့ လက်နက်ကြီး နဲ့ အသီးတွေကိုတော့ ချန်ထားခဲ့တယ်”ဟု KNU မြိတ် – ထားဝယ်ခရိုင်ရဲ့ ပဒိုစောအယ်နား က ဆက်လက်ပြောကြားသည်။
ငါးရံ့နီစခန်းသည် မစွန့်ခွာခင်က ဘန်ကာများ ၊ လက်နက်ကြီးများနှင့် စစ်ကောင်စီတပ်သားများ အခိုင်အမာတပ်စွဲ နေထိုင်သည့် စခန်းတစ်ခုလည်းဖြစ်ကြောင်း တော်လှန်ရေး ရဲဘော်တွေများ၏ ပြောပြချက် အရသိရသည်။
စစ်ကောင်စီတပ်သည် ၁၉၉၇ ခှနှစ် တပ်မဟာ (၄) ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် ထီးခီး ၊ ထီးထ ၊ ဗောဓိ စခန်း နှင့် ငါးရံ့နီစခန်းများတွင် အထိုင်ချထားခြင်းဖြစ်ပြီး နှစ်ပေါင်း ၂၉ နှစ်အကြာတွင် ကရင်အမျိုးသားအစည်းရုံး (KNU) နှင့်တော်လှန်ရေးပူးပေါင်းတပ်များက ပြန်လည်တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ငါးရံ့နီ စခန်းကို စွန့်ခွာသွားခြင်းကြောင့် ထားဝယ်မြို့နယ်နှင့် ထိစပ်နေသည့် ထိုင်းနယ်စပ်မျဥ်းတစ်လျှောက်လုံးကို KNU ၊ တော်လှန်ရေးပူးပေါင်းတပ်များက ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ထီးခီး – မေတ္တာ အရှေ့ဘက် ကင်ပွန်းပင်ဘက် အခြမ်းမှာတော့ သုခစခန်းအသေးတစ်ခုကျန်ရှိနေပြီး ရေဖြူမြိုနယ် အရှေ့ဘက်က နယ်စပ်မျဥ်းပေါ်မှာတော့ စစ်ကောင်စီရဲ့ နတ်အိမ်တောင်စခန်းတစ်ခုသာ ကျန်ရှိ တော့ကြောင်းသိရသည်။
ထိုင်း – မြန်မာနယ်စပ်စခန်းများကို KNU / KNLA စစ်ရေးဦးဆောင် မှုနှင့်အတူ တော်လှန်ရေး ပူးပေါင်းတပ်များက မေလ ၉ ရက်နေ့တွင် ထီးခီးစခန်း ၊ မေလ ၂၈ ရက်နေ့တွင် ထီးထ စခန်း ၊ ဇွန်လ ၁၀ ရက်နေ့တွင် ဗောဓိ စခန်း နှင့် ဇွန်လ ၁၂ ရက်နေ့တို့တွင် ငါးရံ့နီ စခန်းတို့ကို အသီးသီး တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။
ပုံစာ- ဇွန်လ ၁၀ ရက်နေ့ က ထိုင်း – မြန်မာနယ်စပ်ရှိ ဗောဓိ စခန်း ကိုစွန့်ခွာထွက်ပြေးသွားပြီး ထိုင်းဘက်အခြမ်း မှာလက်နက်ချအညံ့ခံခဲ့သော စစ်ကောင်စီတပ်သားများ နှင့် လက်နက်ခဲယမ်းများ။
#တိုက်ပွဲဖြစ်ပွားခြင်းမရှိ #ထိုင်းမြန်မာနယ်စပ် #ငါးရံနီစခန်း #စစ်ကောင်စီတပ်ဖွဲ့ဝင်များ #စခန်းစွန့်ခွာထွက်ပြေး #Ayeyarwaddy_Times