ဧရာဝတီတိုင်းမ်
ဇွန် ၁၂ရက်

ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ ကျောက်စိမ်းလုပ်ကွက်အတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့များကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ကချင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) တို့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်သေဆုံးကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် မှော်စီစာ အမှိုက်ပုံ၊ တောင်ယာကုန်း၊ သာယာကုန်း၊ အောင်သာယာ ကျေးရွာများဘက်တွင် စစ်ရေးလှုပ်ရှားနေပြီး ယနေ့ ဇွန် ၁၂ရက် နံနက် ၉နာရီခန့်မှစ၍ KIAနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

“နေ့လယ်က KIA ကပိတ်ပြီးတိုက်တာ စစ်တပ်ဘက်က အတော်လေးသေဆုံးမှုများတယ်။ ဒီညနေလည်း အောင်သာယာဘက် ပစ်သံတွေကြားရပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

KIA သည် နေ့လယ်ပိုင်းက မှော်စီစာရှိ ကျောက်စိမ်းလုပ်ကွက်အတွင်း စုစည်းနေသည့် စစ်ကောင်စီ တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများကြောင်း သိရသည်။

ယနေ့ ညနေပိုင်းတွင်မူ အောင်သာယာကျေးရွာအနီး နှစ်ဖက်ပစ်ခတ်သည့်လက်နက်ကြီး၊ လက်နက်ငယ် သံများ ဆက်တိုက်ကြားနေရပြီး တိုက်ပွဲဆက်ပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ယမန်နေ့ ဇွန် ၁၁ရက်ညပိုင်းကလည်း ရေမဆေးရှာဖွေသည့် အလုပ်သမား အရပ်သား သုံးဦးကို ပစ်ခတ်သတ်ဖြတ်ထားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၂၇ရက်က ဖားကန့်မြို့နယ် လုံးခင်းနှင့် မှောစီစာသို့ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်သည် မှော်စီစာကျေးရွာအနှံ့တပ်စွဲပြီး ကျောက်စိမ်းလုပ်ကွက်များမှ စက်ယန္တရားများကို မီးရှို့ ဖျက်ဆီးမှုများ နေ့စဉ်ပြုလုပ်လျက်ရှိသည်။

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-မှော်စီစာကျေးရွာ ကျောက်စိမ်းလုပ်ကွက်အတွင်း စစ်ကောင်စီက မီူရှို့နေသည့်မြင်ကွင်း

#ဖားကန့် #မှော်စီစာ #စစ်ကောင်စီ #တိုက်ပွဲဖြစ် #KIA #Ayeyarwaddy_Times