ဧရာဝတီတိုင်းမ်
(ကျုံဒိုး)၊ ‌‌‌‌‌‌‌‌ဇွန် ၁၂ ရက်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့နယ်၊ ပိုင်ရပ်ကျေးရွာရှိ ကလေးငယ်များစာသင်ကြားသည့်နေရာကို စစ်ကောင်စီက ပြီးခဲ့သည့် ဇွန် ၉ ရက်၊ နေ့လယ် ၂ နာရီဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ် သုံး ဦးအပါအဝင် အရပ်သား ငါး ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံးထံက သိရသည်။

စစ်ကောင်စီသည် KNUအုပ်ချုပ်နယ်မြေအတွင်း စာသင်ကျောင်းသဖွယ်အသုံးပြုကာ ကလေးများပညာသင်ကြားနေသည့် ပိုင်ရပ်ကျေးရွာမှ နေအိမ်များကို ဂျက်ဖိုက်တာဖြင့် Cluster(ဆင့်ကဲပေါက်ကွဲစေတက်သည့်ဗုံး) များအသုံးပြုကာ လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီသည် ၎င်းတို့ပိုင်မီယာများတွင်မူ စီစစ်ဆဲအကြမ်းဖက်အဖွဲ့မှ ရပ်ရွာများအတွင်းသို့ လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် ကလေးများစာသင်ကြားရာနေအိမ်သို့ကျရောက်ကာ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ယနေ့ ဇွန် ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဒေသခံများမှ အဆိုပါအကြမ်းဖက်လုပ်ရပ်များကိုလက်မခံ၍ ဆန့်ကျင်ကာ စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ လုံခြုံရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေပြီဖြစ်ကြောင်းလည်း စစ်ကောင်စီကထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီအနေဖြင့်ထိုသို့ ထုတ်ပြန်ထား သော်လည်း ကလပ်စတာဗုံးဖြင့် လေကြောင်းတိုက်ခိုက်ခြင်းသာဖြစ်ကြောင်း ဓာတ်ပုံသက်သေများဖြင့် ကရင်အမျိုးသားအစည်းအရုံးဘက်မှ ထုတ်ပြန်ခဲ့သည်။

စာသင်ကြားရာနေရာသို့ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပိုင်ရပ်ကျေးရွာနေ အသက် ခြောက်နှစ်နှင့် ရှစ်နှစ်အရွယ် မိန်းကလေးငယ် နှစ် ဦး၊ အသက် ခုနှစ်နှစ်အရွယ် ယောကျာ်းလေး တစ် ဦး၊ အသက် ၄၀ နှစ်အရွယ် ကျောင်းဆရာမ တစ်ဦး နှင့် အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ရပြီး ကလေးငယ် ၁၈ ဦးအပါအဝင် ၂၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

စစ်ကောင်စီသည် လက်ရှိတွင် တိုင်းရင်းသားဒေသများနှင့် တော်လှန်ရေးအားကောင်းသည့် ဒေသများမှ စာသင်ကျောင်းများကိုပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေပြီး ပြီးခဲ့သည့် မေ ၁၂ ရက်နေ့က ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ် ၂၂ ဦးနှင့် ဆရာမ ၂ ဦးသေဆုံးခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

ဓာတ်ပုံ – KNU
ပုံစာ – ပိုင်ရပ်ရွာသို့ စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်
#ကျုံဒိုး #စစ်ကောင်စီ #စာသင်ကျောင်း #လေကြောင်းတိုက်ခိုက် #သတင်းမှားထုတ်ပြန် #KNU #ကလေးငယ်သေဆုံး #Ayeyarwaddy_Times