ဧရာဝတီတိုင်းမ်
ဇွန် ၁၂ ရက်

တောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း ဝူတစ်အရှိန်အပါအဝင် ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေမှုကြောင့် တိုင်းနှင့်ပြည်နယ် အချို့တို့တွင် မိုးကြီးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) က ယနေ့ ဇွန် ၁၂ ရက်နေ့ ညနေပိုင်းတွင် ထုတ်ပြန်သည်။

တောင်တရုတ်ပင်လယ်ရှိအပူပိုင်းမုန်တိုင်း ဝူတစ်သည် တရုတ်နိုင်ငံ၊ ဟိုင်နန်ကျွန်းကို ဖြတ်ကျော်မည် ဖြစ်ပြီး အဆိုပါအရှိန်များကြောင့် ဇွန် ၁၂ မှ ၁၈ ရက်နေ့အတွင်း တိုင်းနှင့်ပြည်နယ်အချို့တွင် ဒေသအလိုက်နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းနှင့် ကချင်၊ ကရင်နီ(ကယား)၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။

ယခုနှစ် တောင်တရုတ်ပင်လယ်ပြင်အတွင်း ဖြစ်ပေါ်သောမုန်တိုင်းသည် ယခင်နှစ်ထက် စော၍ ဖြစ်ပေါ်ခြင်းကြောင့် မြန်မာနိုင်ငံအတွင်း အနောက်တောင်မုတ်သုံလေ ဝင်ရောက်မှုစောစေပြီး မုတ်သုံ အားကောင်းစေရန်ထောက်ပံ့ပေးကြောင်း မိုးလေဝသပညာရပ်လေ့လာသူ ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။

“ အပူပိုင်းမုန်တိုင်းအရှိန်သက်ရောက်မှုက ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာ မိုးများစေပြီးတော့ မြစ်ကြီးများရဲ့အောက်ဘက် မြစ်ရိုးတွေတလျှောက်မှာတော့ မိုးအသင့်အတင့်သာရွာတာမို့ ဒီနှစ် မိုးဦးရာသီအတွင်း မြစ်ရေကြီးနိုင်မဲ့ အခြေအနေလျော့နည်းသွားတယ်။ ကင်းလွတ်နိုင်ပြီလို့ ကောက်ချရမှာဖြစ်တယ်” ဟု ဦးဝင်းနိုင်က ဆိုသည်။

ထိုသို့ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း တို့ဖြစ်ပေါ်နိုင်ပြီး ကုန်းမြင့်ဒေသနှင့် မြစ်ကမ်းဘေးနေထိုင်သူများသိထားရန် လိုအပ်ကြောင်း သိရသည်။

မြစ်ဝကျွန်းပေါ်ဒေသ၊ မုတ္တမကွေ့၊ မွန် – တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကာ ရေပြင်/မြေပြင်လေ တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်ထိတိုက်ခတ်နိုင်ကာ လှိုင်းအမြင့် ၉ ပေမှ ၁၁ ပေအထိမြင့်တက် နိုင်ကြောင်း မိုး/ဇလ ထံမှ သိရသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#တိုင်းနှင့်ပြည်နယ် #မိုးကြီးမည် #တောင်တရုတ်ပင်လယ် #အပူပိုင်းမုန်တိုင်းဝူတစ် #မုတ်သုံလေအားကောင်း #Ayeyarwaddy_Times