(တွန်းဇံ)၊ဧရာဝတီတိုင်းမ်
ဇွန် ၁၂ ရက်

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ မွာလ်ကွေးကျေးရွာရှိ ဇိုမီးတော်လှန်ရေးတပ် (ZRA) ၏ တပ်စခန်းတခုကို ချင်းကာကွယ်ရေးတပ်-တွန်းဇံမှ တိုက်ခိုက်သိမ်းပိုက်ရရှိပြီးနောက် နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

ZRA က လက်လွတ်လိုက်ရသည့် မွာလ်ကွေးရွာ တပ်စခန်းကို ပြန်လည်ရယူရန် ကြွေးကြော်ထားပြီး ယခုရက်ပိုင်း ထိုးစစ်ဆင်တိုက်ခိုက်နိုင်ရေးအတွက် တပ်အင်အားများပြားဖြင့် ပြင်ဆင်ဆောင်ရွက်နေကြကြောင်း သိရှိရသည်။

အလားတူ CDF-Tonzang ကလည်း သိမ်းပိုက်ရရှိထားသည့် မွာလ်ကွေးရွာ တပ်စခန်းကို လက်မလွတ်ရေးအတွက် တပ်အင်အားဖြည့်တင်းထားကြောင်း ဒေသခံများထံက သိရသည်။

“ZRA က ပြန်တိုက်မယ် ကြွေးကြော်ထားတယ်။ CDF-Tonzang ကလည်း စခန်းမှာ အင်အားဖြည့်တင်းထားတယ်။ ဘယ်အချိန် တိုက်ပွဲပြန်ဖြစ်လဲမသိသေးဘူး။ နှစ်ဖက်တပ်အင်အားတွေ တည်ဆောက်ထားပြီး စစ်ရေးတင်းမာနေတယ်”ဟု တွန်းဇံမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

နှစ်ဖက်စစ်ရေးတင်းမာနေစဥ် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည်ကို ဒေသခံပြည်သူများက စိုးရိမ်နေကြပြီး တိုက်ပွဲဖြစ်မည်ကို မလိုလားကြကြောင်း သိရသည်။

“အခုရာသီ တောင်ယာအလုပ်များတဲ့အချိန်မှာ တိုက်ပွဲထပ်ဖြစ်ရင် အလုပ်မလုပ်ရဘဲ ထွက်ပြေးနေရအုံးမယ်။ တောင်ယာပစ်ထားရင် စားဝတ်နေရေး ပိုကြပ်တည်းလာမယ်။ အခုအချိန်မှာ တိုက်ပွဲဖြစ်ရင် မိုးရေထဲ ထွက်ပြေးတိမ်းရှောင်နေရအုံးမယ်။ အတော်လေး ဒုက္ခရောက်မယ်။ အချင်းချင်းတွေ တိုက်ပွဲတွေ မဖြစ်စေချင်တော့ပါဘူး” ဟု တွန်းဇံမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ZRA သည် စစ်ကောင်စီထံမှ CC သိမ်းပိုက်ရရှိထားသည့် တွန်းဇံမြို့ကို ပြန်လည်သိမ်းယူရန် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကတည်းက တွန်းဇံမြို့ရှိ CC တပ်စခန်းများကို စစ်ကောင်စီတပ်ထောက်ပံ့သည့် ဒရုန်းတို့ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်သည့်ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ တိုက်ခိုက်ရာတွင် မွာလ်ကွေးကျေးရွာရှိ ZRA ၏ စခန်းတစ်ခုလည်းပါဝင်သည့်အတွက် CDF-Tonzang က ကြိုတင်ကာကွယ်သည့်အနေဖြင့် ပြီးခဲ့သည့် ဇွန် ၉ ရက်နေ့မနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မွာလ်ကွေးရွာကနေ တွန်းဇံမြို့ကို လာတိုက်တာ နှစ်ကြိမ်တိတိရှိပြီ။ အခုလည်း အဲစခန်းကနေ တွန်းဇံမြို့ကို ပြန်သိမ်းမယ်။ CC ကို တိုက်ထုတ်သွားမယ်ဆိုပြီး သတင်းတွေလွှင့်တယ်။ ဒါကြောင့်မို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာပါ” ဟု CC နှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် နှစ်ဖက်အပြန်အလှန် တစ်နှစ်ရီကျော်ကြာ ပစ်ခတ်မှုဖြစ်ပွားပြီး ZRA ထံမှ ကား တစ်စီး၊ ဒရုန်း နှစ်စင်း၊ ဆိုင်ကယ် ခုနှစ်စီး၊ မီးစက် တစ်လုံး၊ ကျည်ဘောက် နှင့် မောင်းပြန်သေနတ် လေးလက်၊ ကျည်ဆန်တချို့နှင့် အခြား စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တွန်းဇံမြို့ကို CC ပူးပေါင်းတပ်ဖွဲ့တို့က တစ်နှစ်နီးပါးကြာ ထိန်းချုပ်ထားပြီး CDF-Tonzang က အုပ်ချုပ်ရေးလုပ်ငန်းများ လည်ပတ်နေပြီဖြစ်သည်။

ပုံစာ- တွန်းဇံမြို့နယ်၊ မွာလ်ကွေးကျေးရွာရှိ ZRA ၏ စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို တွေ့ရစဥ်(ဓာတ်ပုံ-ပေးပို့)

#တွန်းဇံမြို့နယ် #ZRAတပ်စခန်း #CDFTonzang #နှစ်ဖက်စစ်ရေးတင်းမာ #Ayeyarwaddy_Times