
ဧရာဝတီတိုင်းမ်
ဇွန် ၁၂ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ အမြောက်တပ် အမတ-၃၄၄မှ ဟောင်ဝစ်ဇာ အမြောက်နှင့်လက်နက်ကြီးများကို စစ်ကောင်စီက ကျုံပျော်သို့ပြောင်းရွှေ့နေကြောင်း သိရသည်။
စစ်ကောင်စီသည် ယနေ့ ဇွန် ၁၂ရက် နံနက် ၆နာရီခန့်က အမတ ၃၄၄ မှ လက်နက်ကြီး ငါးလက် ခန့်ကို တွဲကား နှစ်စီး၊ လုံခြုံရေးကား နှစ်စီးတို့ဖြင့် ကျုံပျော် ခလရ -၃၆ အတွင်း သယ်ယူရွှေ့ပြောင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ဘာလို့ လက်နက်တွေ ရွှေ့လာလည်း မသိဘူး။ ခလရ ၃၆ ထဲမှာ စက်တပ်လေထီးတွေလည်း အသင့်အနေ အထားနဲ့ ပို့ထားတာရှိတယ်။ အခုလက်နက်ကြီးတွေ ထပ်ပို့လာတာပေါ့” ဟု ဧရာဝတီသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယမန်နေ့ ဇွန် ၁၁ ရက်နေ့က အမတ ၃၄၄အနီးတွင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက အသစ်ဆောက်လုပ်ထားသည့် နှစ်ထပ်အင်္ဂတေ ဘန်ကာများမှ ခုခံခဲ့ကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များသည် အမတ-၃၄၄ ၏ ဘန်ကာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားနေသည့် အမြောက်တပ်မှ လက်နက်ကြီးများကို အရေးပေါ် ပြောင်းရွှေ့နေသည့်အတွက် အမြောက်တပ် ၃၄၄၏ ခုခံစစ်မှာ အားနည်းနေပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
ဧရာဝတီတိုင်းအတွင်း အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်တို့တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီ၏ အမတ ၃၄၄ မှ နေ၍ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသော်လည်း တော်လှန်ရေးပူးပေါင်းတပ်များသည် အမြောက်တပ်နှင့်ယှဉ်ကာ လက်နက် ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-AA Info Desk
ပုံ- ထရွန်အိုင်ဗျူဟာစခန်းကုန်းကို သိမ်းပိုက်ပြီးနောက်တွေ့ရသည့်AA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)
#ရေကြည် #ငသိုင်းချောင်း #အမတ၃၄၄ #ကျုံပျော် #ခလရ၃၆ #လက်နက်ကြီးပြောင်းရွှေ့ #Ayeyarwaddy_Times