
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇွန် ၁၂ ရက်
မွန်ပြည်နယ် ၊ ရေးမြို့၊ ခေါဇာမြို့နယ်ခွဲ ခလရ – ၃၁ တပ်ရင်း မှ စစ်မှုထမ်း သင်တန်းဆင်း စစ်ကောင်စီ တပ်သားတစ်ဦးသည် ဇွန် ၁ ရက် တွင် ဗျူဟာ ၃၃ နယ်မြေ ဒေါနတပ်ခွဲ – ၄ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – KBDF ထံသို့လက်နက်ခဲယမ်းဖြင့်အလင်းဝင်ရောက်လာခဲ့ကြောင်း အဆိုပါ တပ်ရင်းထံမှသိရသည်။
အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားသည် ရန်ကုန်တိုင်း ၊ သင်္ကန်းကျွန်း မြို့နယ် ဇာတိဖြစ်ပြီး ညအချိန် အပြင်ထွက်ရင်း အဖမ်းခံရကာ စစ်ကောင်စီ၏ အတင်းအဓမ္မတပ်သား စုဆောင်းခံရပြီး စစ်သင်တန်းအပတ်စဥ် (၇)သင်တန်းဆင်းပြီးနောက် ရေးမြို့၊ခေါဇာမြို့နယ်ခွဲခလရ – ၃၁ တပ်ရင်း သို့ ပို့ဆောင်ခြင်းခံရသူဖြစ်သည်။
အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သားသည် ၎င်း နှင့်အတူ MA1 တစ်လက် ၊ ကျည်ဘောက် တစ်ခု ၊ ၅.၅၆ ကျည် ၂၅ တောင့်ယူဆောင်လာခဲ့ျကြာင်း သိရသည်။
“အခု အလင်းဝင်လာတဲ့ စစ်ကောင်တပ်သား က ညဘက် ကင်းတာဝန်ကျချိန် မှာ ထွက်ပြေးလာ ပြီး ကျွန်တော် တို့ကိုဆက်သွယ်လာတယ်။ ကျွန်တော်တို့ က လမ်းပိုင်းတစ်နေရာမှာ တစ်ဆင့် ဗျူဟာ ၃၃ နယ်မြေ အတွင်းကို သွားရောက်ခေါ်ဆောင်ပေးခဲ့တယ်”ဟု ဒေါနတပ်ခွဲ – ၄ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – KBDF မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားသည် စစ်မှုထမ်းသင်တန်းဆင်းပြီးနောက် တာဝန်ထမ်းဆောင်နေသည်မှာ ခုနှစ်လခန့်သာရှိသေးကြောင်း အဆိုပါတပ်ရင်းထံမှ သိရှိရသည်။
ထို့နောက် အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သားကို ဆုကြေးငွေများချီးမြှင့်ပေးပြီး လွတ်မြောက်နယ်မြေ တစ်နေရာသို့ ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည််။
ဒေါနတပ်ရင်း အနေဖြင့် အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများကို နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ကာ ကျန်ရှိနေသော တပ်သားများအနေဖြင့်လည်း စစ်ကောင်စီလက်အောက်မှ အမြန်ဆုံးရုန်းထွက်ပြီး နီးစပ်ရာ တပ်ရင်းများသို့ဆက်သွယ်ကာ ပြည်သူနှင့် အမြန်ဆုံးပူပေါင်းကြရန် တိုက်တွန်းထားသည်။
ပုံစာ-ဒေါနတပ်ခွဲ -၄ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံ အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သား
#တပ်သားသစ် #အဓမ္မစုဆောင်းခံခဲ့ရသည့် #စစ်ကောင်စီတပ်သားတစ်ဦး #လက်နက်ခဲယမ်း #ဒေါနတပ်ခွဲ၄ #အလင်းဝင် #Ayeyarwaddy_Times