
ဧရာဝတီတိုင်းမ်
ဇွန် ၁၂ ရက်
မန္တလေးနှင့်စစ်ကိုင်းအခြေပြုငလျင်ကြီးလှုပ်ခတ်ပြီးရက်ပေါင်း ၇၀ ကျော်ကြာသည့်အထိ ယနေ့ ဇွန် ၁၂ ရက်နေ့တွင် မန္တလေးမြို့၊ Sky Villa ကွန်ဒိုမှ သေဆုံးရုပ်အလောင်း ငါး ဦးတွေ့ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မန္တလေးမြို့၊ ပြိုကျအဆောက်အအုံ Sky Villa ကွန်ဒို A အဆောင်နှင့် Bအဆောင်တို့ကို ဖယ်ရှား ရှင်းလင်းရာတွင် B အဆောင်၊ အခန်းအမှတ် H – 4 မှ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး သုံးဦး၏ သေဆုံးရုပ်အလောင်းရှာဖွေတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
အင်အားအလွန်ပြင်းထန်သော အင်အားရစ်ခတ်တာစကေး ၇ ဒသမ ၇ နှင့် ၇ ဒသမ ၅ ရှိသည့် စစ်ကိုင်းပြတ်ရွေ့ငလျင် လှုပ်ခတ်ချိန်တွင် Sky Villa အတွင်းရှိ အားကစားခန်းမ၊ ရေကူးကန်၊ အစည်းဝေးခန်းမတို့တွင် ရှိနေသူများနှင့် အိမ်ရာနေထိုင်သူများထိခိုက်ခံစားရပြီး သေဆုံး၊ပျောက်ဆုံးသူ များပြားကြောင်းသိရသည်။
မြန်မာနိုင်ငံမီးသတ်စီးတပ်ဖွဲ့အနေဖြင့် ဖယ်ရှားရှင်းလင်းခြင်းနှင့် ကျန်ရှိနေသော ရုပ်အလောင်းများ ဆက်လက်ထုတ်ယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန် ၆ ရက်နေ့အထိ စစ်ကောင်စီ၏ စာရင်းများအရ ငလျင်ကြီးလှုပ်ခတ်မှုကြောင့် သေဆုံးသူ ၃၇၃၉ ဦး၊ ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၆၇ ဦးရှိကြောင်း သိရသည်။
ဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
#ငလျင်ကြီးလှုပ်ခတ် #မန္တလေးနှင့်စစ်ကိုင်း #skyvilla #ရုပ်အလောင်း၅ဦးတွေ့ #Ayeyarwaddy_Times