
ဓညဝတီရေတပ်ဌာနချုပ်က စစ်တပ်မိသားစုဝင်အားလုံးနီးပါးကို ရန်ကုန်ရွှေ့
ဧရာဝတီတိုင်းမ်
ဇွန် ၁၂ရက်
နှစ်ဖက်အပစ်ရပ်စဲကြောင်း ကြေညာထားသော်လည်း ကျောက်ဖြူတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။
ကျောက်ဖြူ- မအီလမ်းတလျှောက်တွင် စစ်ကောင်စီအလောင်းများ ပြန့်ကြဲနေပြီး အလောင်းပင် ကောက်ယူနိုင်ခြင်းမရှိဘဲ ကစဉ့်ကလျားပြေးရသည်အထိ စစ်ကောင်စီတပ်က ရှုံးနိမ့်နေကြောင်း ဒေသခံများထံမှ သိရသည်။
ပြိုင်စေ့ကေကျေးရွာ အနီးဝန်းကျင်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများကိုစွန့်ပစ်ထားခဲ့ပြီး ကိုယ်လွတ် ရုန်း ပြေးကြကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်း ဇွန် ၁၀ရက်နေ့ ညပိုင်းကလည်း စစ်ကောင်စီက ရဲတပ်ရင်း ၃၂အနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်သင်္ဘောများမှနေ၍ လည်း လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“၃ရက်နေ့ ညပိုင်းကနေ ဒီနေ့အထိတိုက်ပွဲဖြစ်နေတယ်။ လေကြောင်းကရော၊ ဒရုန်းတွေရော လက်နက်ကြီးတွေနဲ့ပါ စစ်တပ်ကပစ်ကူနေတယ်။ စစ်တပ်ဘက်ကသေဆုံးတာများနေတယ်။ ရဲတပ်ရင်းထဲဝင်ပြေးလိုက်၊ စုဖွဲ့ပြန်ထွက်တိုက်လိုက်လုပ်နေပါတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက ကြည်း၊ ရေ၊ လေ သုံးကာကျောက်ဖြူတိုက်ပွဲကို တိုက်ခိုက်နေသော်လည်း မြေပြင်တွင်မူ စစ်ကောင်စီတပ်များ တပ်ဆုတ်ပြေးကာ အမှတ်(၃၂) ရဲတပ်ရင်းအတွင်း ဝင်ရောက်၍ အင်အားစုဖွဲ့နေရကြောင်း သတင်းရင်းမြစ်ထံမှသိရသည်။
စစ်ကောင်စီသည် ဓညဝတီရေတပ်ဌာနချုပ်မှ တပ်မိသားဝင်များနှင့် မြို့ပေါ်အုပ်ချုပ်ရေးပိုင်းမှ မိသားစုဝင်များ၊ ရေနက်ဆိပ်ကမ်းစီမံကိန်းမှ တရုတ်နိုင်ငံသားများကို ရန်ကုန်သို့ရွှေ့ပြောင်းပေးထားသည်။
စစ်ကောင်စီနယ်မြေအနီးရှိ အုန်းတော၊ ဂုံးချွိန်ကျေးရွာတို့တွင် ဒေသခံ လေးထောင်ခန့်နီးပါး ပိတ်မိနေကြောင်း သိရသည်။
#ကျောက်ဖြူ #တိုက်ပွဲပြင်းထန် #ဓညဝတီရေတပ် #စစ်တပ်မိသားစုဝင်များ #ရန်ကုန်ရွှေ့ #Ayeyarwaddy_Times