
ဧရာဝတီတိုင်းမ်
(ဖယ်ခုံ)၊ ဇွန် ၁၂ ရက်
ရှမ်း-ကရင်နီနယ်စပ်ရှိ ဖယ်ခံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား ယခုဇွန်လ အစောပိုင်းမှစတင်ကာ ထိတွေ့တိုက်ပွဲများ နေ့စဉ်ပြင်းထန်နေပြီး ဒေသခံများအနေဖြင့်လည်း သတိပေးချက်များကိုလိုက်နာကြရန် တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ပြောဆိုထားသည်။
စစ်ကောင်စီသည် ဖယ်ခုံမြို့နယ်နှင့် ညောင်ရွှေမြို့နယ်အစပ်သို့ အင်အားအလွံအကျွံသုံးကာ စစ်ကြောင်း ထိုးဝင်ရောက်လာပြီးနောက် ယနေ့အထိ နေ့စဉ်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ လက်အောက်ခံ PNO/PNA ပြည်သူ့စစ်ဘက်မှ ငါး ဦးထက်မနည်းသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ကြောင်းသိရသည်။
“ဖယ်ခုံမြို့နယ်ထဲမှာ နဲ့ ဖယ်ခုံနဲ့ညောင်ရွှေမြို့နယ် စပ်ကြားမှာတိုက်ပွဲပြင်းထန်နေတယ်။ စစ်ရေးကတော့ အခုချိန်ထိပြင်းထန်နေတုန်းပဲ။ တိုက်ပွဲ ပိုပြီးပြင်းထန်တာကတော့ ဇွန်လ ၁ ရက်နေ့ ၂ ရက်နေ့ ကနေစပြီးတော့ အခုချိန်ထိပေါ့နော်။ ထိခိုက်တဲ့လူထုတွေရှိတာပေါ့နော်” ဟု ရှမ်းတောင်စစ်ဒေသခွဲ၊ PDFဗျူဟာ အမှတ်(၁) ပြောရေးဆိုခွင့်ရှိသူကဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် စစ်ရေးတင်းမာနေသည့်ကာလအတွင်း စစ်ကောင်စီသည် ဖယ်ခုံမြို့နယ်ထဲရှိ တိုက်ပွဲဖြစ်ပွားချင်း မရှိသည့် ကျေးရွာများကိုပါ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ အဆက်မပြတ် ပြုလုပ်နေသည့်အတွက် ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် အရပ်သား သုံး ဦးသေဆုံးခဲ့ပြီး ခြောက် ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ကျောင်းသားတစ်ဦး လက်နက်ကြီးထိမှန်ပြီးသေဆုံးသွားတာရှိတယ်။ ဒါကလဲလက်နက်ကြီးကြောင့် ပေါ့နော် တိုက်ပွဲဖြစ်တဲ့နေရာမှမဟုတ်ဘူး။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ လက်နက်ကြီးပစ်တဲ့နေရာတွေက တအားကွာဝေးသေးတယ်။ တခြားစီပဲ။ အနည်းဆုံး ၇ မိုင် ၈ မိုင်လောက်ကွာတဲ့နေရာတွေကို ရမ်းသန်းပစ်နေတာပေါ့” ဟု အဆိုပါပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောသည်။
တိုက်ပွဲဖြစ်ပွားနေမှုများကြောင့် အဆိုပါရှမ်းတောင်နယ်စပ်ရှိ ဒေသခံများမှာ စစ်ဘေးရှောင် တိမ်းနေကြရပြီး သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များမှလည်း ပြည်သူများအနေဖြင့် ၎င်းတို့ ထုတ်ပြန်ထားသည့် စစ်ရေးသတိပေးချက်များကို လိုက်နာဆောင်ရွက်ကြပါရန်လည်း ထုတ်ပြန်ပြောဆို ထားကြသည်။
PNO/PNA ပြည်သူ့စစ်၏ ဦးဆောင်လမ်းပြမှုဖြင့် ရှမ်းတောင်ဒေသသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့များမှာ ၎င်းတို့ရောက်ရှိသည့် နေရာတစ်လျှောက်ရှိ ဒေသခံများကို ဖမ်းဆီးစစ်မှု ထမ်းခိုင်းခြင်း၊ အတင်းအဓမ္မငွေကြေး တောင်းခံခြင်း နှင့် ညှင်းပန်းနှိပ်စက်ခြင်းများကိုလည်း လုပ်ဆောင် လျက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ဓာတ်ပုံ – ရှမ်းတောင်စစ်ဒေသခွဲ၊PDFဗျူဟာအမှတ်(၁)
#ဖယ်ခုံ #ကရင်နီ #ရှမ်းတောင် #တိုက်ပွဲ #စစ်ကောင်စီ #စစ်ကြောင်းထိုး #PNO #Ayeyarwaddy_Times