ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်

စစ်ကောင်စီသည် ၎င်းတို့၏ တပ်မ (၃၃) တပ်မမှူးနှင့် တပ်မ (၉၉) တပ်မမှူးတို့ကို ရာထူးမှထုတ်ပယ်ပြီး ၃၃ တပ်မမှူးဖြစ်သူကို နန်းတွင်းစစ်ကြောရေးတွင် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

တပ်မ (၃၃) တပ်မမှူးဖြစ်သူ ဗိုလ်မှူးချုပ်ကျော်ဆက်မြင့်ကို ပြီးခဲ့သည့် ဇွန် ၄ ရက်နေ့တွင် ဖားကန့်ဗျူဟာမှ စစ်ရဟတ်ယာဉ်ဖြင့် လာရောက်ဖမ်းဆီးသွားပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) သို့ပို့ဆောင် စစ်ဆေးကာ ယခု နန်းတွင်းစစ်ကြောရေးသို့ ဖမ်းဆီးခေါ်ဆောင် သွားပြီဖြစ်ကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။

“၃၃ တပ်မမှူးကို စစ်ကြောဖို့ မန္တလေးနန်းတွင်းပို့တယ်။ ၉၉ တပ်မမှူးကိုတော့ နေပြည်တော်ထိခေါ်ပြီး စစ်တယ်။ နတ်ရေကန်ဗျူဟာနားက စခန်းအားလုံး အသိမ်းခံရတဲ့အတွက် အထောင်းခံရမယ်ထင်တယ်” ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တပ်မ (၃၃) တပ်မမှူးဗိုလ်မှူးချုပ် ကျော်ဆက်မြင့်သည်ကျောက်စိမ်းလုပ်ကွက်များကို ရာထူးဝာာဝန်နှင့် အာဏာအလွဲသုံးစားလုပ်၍ ကိုယ်ကျိုးရှာ စီးပွားရေးလုပ်ဆောင်ခဲ့ခြင်း၊ ဖားကန့်သို့ စစ်ကောင်စီအင်အား ၆၀၀ သုံး၍ ချီတက်လာမှုတွင် အင်အား ၁၀၀ ခန့်သာ ဖားကန့်သို့ ရောက်ရှိလာခြင်းတို့ကြောင့် ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း တပ်အသိုင်းအဝိုင်းထံမှ သိရသည်။

ထို့ပြင် ဗိုလ်မှူးချုပ်ကျော်ဆက်မြင့်သည် ဖားကန့်တွင် စစ်ရေးစိုးမိုးထားနိုင်သယောင် သတင်းလိမ်လည် တင်ပြမှုနှင့် စီးပွား ရေးခြယ်လှယ်မှုများအတွက် ရာထူးတာဝန်မှ ဖယ်ရှားထားပြီး အရန်အင်အားသို့ ပြောင်းရွှေ့ကာ စစ်ကြောရေးလုပ်ဆောင်နေသည်ဟုဆိုသည်။

တပ်မ (၃၃) ဗိုလ်မှူးချုပ်ကျော်ဆက်မြင့်နေရာတွင် တပ်မမှူးအသစ်အဖြစ် စစ်ဦးစီးတက္ကသိုလ်မှ ဗိုလ်မှူးကြီး ကောင်းမင်းထွဋ်ကို ခန့်အပ်ထားပြီး ဖားကန့် ဗျူဟာသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၃ က စစ်ကိုင်းမြို့အခြေစိုက် ခြေမြန်တပ်မဌာန ချုပ် အမှတ် (၃၃) တပ်မမှူး ကိုကိုလွင်၏နေရာကို ပခုက္ကူမြို့အခြေစိုက် အမှတ် ၁၀၁ ခြေမြန်တပ်ဌာနချုပ် (တမခ ၁၀၁)မှ ဗိုလ်မှူးကြီး ကျော်ဆက်မြင့်နှင့် အစားထိုးခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

တပ်မ (၉၉) တပ်မမှူးဖြစ်သူ ဗိုလ်မှူးချုပ် တင်မောင်ကျော်ကိုလည်း ရာထူးမှဖယ်ရှားထားပြီး အရန်အင်အားပို့ထားကြောင်း သိရသည်။

လက်ရှိတွင် ပဒါန်းတပ်နယ် နတ်ရေကန်ဗျူဟာရှိ ကမ္ဘာလုံးစခန်းတွင် စစ်ရေးစီမံနေသည့် တပ်မ ၉၉ တပ်မမှူးကို တာဝါတိုင်စခန်းကုန်း အသိမ်းခံရမှုနှင့်ပတ် သက်ပြီး ရာထူးမှဖယ်ရှားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

တပ်မ (၉၉) တပ်မမှူး ဗိုလ်မှူးချုပ် တင်မောင်ကျော်ကို စစ်ရှုံးသည့်အတွက် နေပြည်တော်သို့ ခေါ်ဆောင်သွားပြီး ၎င်း၏ နေရာတွင် ဟားခါးအခြေချ စစ်ဗျူဟာမှူးဗိုလ်မှူးချုပ် စိုးဝင်းထွန်းကို အစားထိုးခန့်အပ်မည်ဖြစ်ကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။

#တပ်မ၃၃ #တပ်မ၉၉ #တပ်မမှူး #ရာထူး #ထုတ်ပယ်ခံရ #Ayeyarwaddy_Times