
(တီးတိန်)၊ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ကားလမ်းများ တစ်လနီးပါကြာအထိ အသုံးပြု၍ မရရှိသည့်အတွက် အခြေခံစားသောက်ကုန်များ ပြတ်လပ်နေကြောင်း ဒေသခံများထံက သိရှိရသည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ တီးတိန်မြို့နယ်သို့ ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့က စစ်ကောင်စီ အင်အား ၅၀၀ ကျော်ဖြင့် ကလေး-သိုင်းငင်း ကားလမ်းအတိုင်း စစ်ကြောင်းထိုးလာနေခြင်းဖြစ်သည်။
ထိုကဲ့သို့ စစ်ကောင်စီ စစ်ကြောင်း ထိုးလာသည့်အတွက် ကားသမားများဖမ်းဆီးမှုများရှိလာမည်ကို စိုးရိမ်နေကြ၍ ကလေး-သိုင်းငင်း ကားလမ်းကို အသုံးမပြုရဲကြခြင်းဖြစ်သည်။
“ကလေး-သိုင်းငင်း ကားလမ်းပေါ်မှာ စစ်ကောင်စီ စစ်ကြောင်း ရှိနေသေးတယ်။ အသုံးပြုလို့ အဆင်မပြေသေးပါဘူး။ ဖမ်းဆီးမှုတွေရှိလာနိုင်တယ်။ ခိုင်ကမ်း-တီးတိန် လမ်းတော့ နှစ်ဖက်အဖွဲ့တွေက ယာဥ်သွားခွင့် ပိတ်ထားတယ်။ ဒါကြောင့် ကားတွေထွက်ဖို့ အဆင်မပြေနိုင်သေးဘူး” ဟု တီးတိန်မြို့နယ် ကားသမားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကားသမားများ ကားလမ်းအသုံးပြု၍ မရရှိသည့်အတွက် တီးတိန်မြို့နယ်တွင် ယခုဇွန်လမှစ၍ ဆန်နှင့် အခြေခံစားသောက်ကုန်များ စတင်ပြတ်လပ်နေပြီဖြစ်သည်။
“ကားသမားတွေ ကားမထွက်နိုင်ကတည်းက တီးတိန်မြို့နယ်မှာ ကုန်စည် အဝင် မရှိတော့တာပါ။ အခုကြာလာတော့ ဆန် ၊ဆီ၊ ဆား စတဲ့ အခြေခံစားသောက်ကုန်တွေပါ ပြတ်လပ်နေတာပါ။ ရောင်းတဲ့နေရာမှာလည်း လိုသလောက် ဝယ်ယူလို့ မရတော့ပါဘူး” ဟု တီးတိန်မြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဆန်နှင့် အခြေခံစားသောက်ကုန်များ ရောင်းချသည့်စျေးဆိုင်များလည်း ဝယ်ယူချင်သည့် ပမာဏ ဝယ်ယူ၍မရသည့်အပြင် ယခင်ကထက် စျေးပို့ပေးရကြောင်း သိရသည်။
“စျေးကတော့ အရမ်းကြီး တက်သွားတာမျိုးမဟုတ်ဘဲ ပိုပေးရပါတယ်။ ဆန်၊ ဆီ၊ ဆား ဆိုလည်း ကိုယ်ဝယ်ချင်သလောက် ဝယ်လို့မရဘူး။ အခုအခြေအနေ အရမ်းဆိုးတာက ကလေး-သိုင်းငင်း ကားလမ်းပေါ်ကရွာတွေပါ။ တချို့ရွာတွေဆို တောတောင်ထဲက သီးနှံတွေရှာဖွေစားသောက်နေကြပါတယ်” ဟု တီးတိန်မြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တီးတိန်မြို့နယ်တွင် ကုန်ပစ္စည်းများကို ကလေး-သိုင်းငင်း ကားလမ်းနှင့် ခိုင်ကမ်း-တီးတိန် ကားလမ်းတို့ကို အသုံးပြု၍ ကလေးမြို့နှင့် ပြည်မဘက်မှ ဝယ်ယူတင်သွင်းနေကြခြင်းဖြစ်သည်။
တီးတိန်မြို့နယ်သို့ စစ်ကြောင်း ထိုးလာသော စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့တို့ ကလေး-သိုင်းငင်း ကားလမ်းမပေါ်တွင် မကြာခဏ ထိတွေ့တိုက်ပွဲများဖြစ်ပွါးကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲကြောင့် ကလေး-သိုင်းငင်း ကားလမ်းမပေါ်ရှိ ကျေးရွာ ခြောက်ရွာခန့်မှ ဒေသခံပြည်သူ ၁၀၀၀ ကျော်သည် ဘေးလွတ်ရာ တောတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ယခုအခါ အဆိုပါ စစ်ဘေးရှောင်များသည် ဆန်နှင့် စားနပ်ရိက္ခာအကူအညီများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။
#တီးတိန်မြို့နယ် #ကားလမ်းများ #အသုံးပြု၍မရသည့်အတွက် #အခြေခံစားသောက်ကုန်များ #ပြတ်လပ်
#Ayeyarwaddy_Times