
ဧရာဝတီတိုင်းမ်
(ပေါက်ခေါင်း)၊ ဇွန် ၁၁ ရက်
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ညောင်နီပင်ရွာမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးခဲ့ပြီးရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ယနေ့ ဇွန် ၁၁ ရက်နေ့တွင် ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၆၀၁ တပ်ရင်းထံက သိရသည်။
အင်အား ၁၀၀ ဝန်းကျင်ရှိ အဆိုပါစစ်ကောင်စီစစ်ကြောင်းမှာ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ သိုက်ချောင်း၊ ကွမ်းအုံစု၊ အိုင်စောက်၊ မြေနီကုန်း၊ သဖန်းကိုင်း၊ ဒလမဲ၊ မရိုးကျွန်း၊ ပြန်ချီတက် စသည့် ရွာများကို လှည့်လည်မီးရှို့ပြီးနောက် ပေါင်းတည်မြို့နယ်အတွင်းသို့ စစ်ကြောင်း ထိုးလာခြင်းဖြစ်သည်။
အဆိုပါစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဇွန် ၃ ရက်နေ့တွင် တိုက်ခိုက်ခဲ့ရာ တပ်သား ရှစ်ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းစစ်ကြောင်းထံမှ မူးယစ်ဆေးဝါးများလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“လက်ရှိအနေအထားကတော့ကျွန်တော်တို့စစ်ဆိုင်ထားတယ်။ သူတို့(စစ်ကောင်စီ)က ပေါက်ခေါင်းမြို့နယ်အပိုင် ကျောက်တွင်းဘက်ကိုနောက်ပြန်ဆုတ်သွားတယ်” ဟု ၃၆၀၁တပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ Shadow က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲပြီးနောက် စစ်ကောင်စီထံမှ ၆၀-မမ ကွန်မန်ဒိုစိန်ပြောင်း နှစ်လက်၊ MA-1 နှစ်လက်၊MA-3 ခြောက်လက်၊ လက်ပစ်ဗုံး နှစ်လုံး၊ ကျည်ဘောက်များ ၊ ကျည်တောင့်အများအပြား နှင့် WY စိတ်ကြွဆေးပြား ၁၅၀ ပြား အပါအဝင် စစ်အသုံးဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှလည်း ရဲဘော်နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၂)စစ်ဆင်ရေးနယ်မြေ ဗျူဟာ(၂၁)လက်အောက်ခံ ၃၆၀၁ တပ်ရင်း၊၃၆၀၂ တပ်ရင်း၊ တပ်ခွဲ-၃၊ တပ်ခွဲ-၄၊ ပြည်ခရိုင်(ပကဖ)၊ရွှေတောင်(ပကဖ)၊ ပေါက်ခေါင်း(ပကဖ)၊၃၈၀၁ တပ်ရင်း၊ တပ်ခွဲ-၃(နတ်စစ်သည်အဖွဲ့)၊ တပ်ခွဲ-၆(ဧရာညီနောင်အဖွဲ့) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းလည်း သိရသည်။
ဓာတ်ပုံ – ပေးပို့
#ပေါင်းတည် #စစ်ကောင်စီစစ်ကြောင်း #တိုက်ပွဲ #မီးရှို့ #လက်နက်ခဲယမ်း #သိမ်းဆည်းရရှိ #Ayeyarwaddy_Times