
ဧရာ၀တီတိုင်းမ်
ဇွန် ၁၁ ရက်
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ အနောက်မြောက်စစ်ဒေသတွင် ကြီးကြပ်ရေး ကော်မတီဝင်နှင့် စစ်သင်တန်းကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်နေသော ကဗျာဆရာ ညီလင်းခ (ရဲဘော်ကျော်သက် (ခ) ကိုညီလင်းခ (ခ) ကိုမိုး) သည် ယနေ့ ဇွန် ၁၁ ရက် နံနက် ၆ နာရီ ၃၀ မိနစ်ခန့်က ဂုဏ်ရောင်ပြောင်မြောက်စွာ ကျဆုံးသွားကြောင်း အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသ က ထုတ်ပြန်ထားသည်။
ထို့အတူ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများ သမဂ္ဂ (ဗလကသ) ကလည်း ကဗျာဆရာ ညီလင်းခ ကွယ်လွန်ခြင်းအပေါ် မိသားစုဝင်များ၊ ရဲဘော်ရဲဖက်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲ ရကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့အပြင် “မပြီးပြတ်သေးသော စစ်သုံးစစ်တိုက်ဖျက်ရေးနှင့် စစ်အာဏာရှင်ကျရှုံးရေးတိုက်ပွဲတွင် ဆက်လက်တိုက်ပွဲဝင်သွားမည်” ဖြစ်ကြောင်းလည်း ကတိသစ္စာပြုထားသည်။
တော်လှန်လူငယ် ကဗျာဆရာ ညီလင်းခ ကျဆုံးမှုအပေါ် တနင်္ဂနွေကဗျာဝိုင်း ဝိုင်းတော်သားများကလည်း “အဝါရောင်ဆေးသားများရွေ့လျှားစာကြည့်တိုက် ပဲ့ကိုင်ရှင် Eco Wave -Monywa ကဗျာဆရာ ညီလင်းခ ကျဆုံးမှုကို လေးနက်စွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ကြောင်း” ဆိုထားသည်။
#ကဗျာဆရာညီလင်းခ #ရဲဘော်ကျော်သက် #ဗလကသ #PLA #Ayeyarwaddy_Times