
ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်
ဧရာ၀တီတိုင်း၊ ဖျာပုံမြို့အခြေစိုက်အမှတ် ၉၈ ခြေလျှင်တပ်ရင်း၏ တပ်ရင်းမှူး ဖြစ်သူကို ပြီးခဲ့သည့် ဇွန် ၇ ရက်နေ့တွင် စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ က ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
“တိုင်းမှူးအမိန့်လို့သိရတယ်။ မအူပင်စရဖ ကနေ လာဖမ်းတာ ၊ တပ်ရိပ်သာမှာတစ်ည ထားပြီးနတခကို ပို့လိုက်တယ်”ဟု စစ်ကောင်စီနှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
တပ်ရင်းမှူး အားဖမ်းဆီးရာတွင် မိသားစု၀င် များကိုပါ ခေါ်ဆောင်သွားကြောင်းသိရပြီး မည်သည့်အမှုဖြင့်ဖမ်းဆီးသွားခြင်းကို မသိရှိရကြောင်း စစ်တပ်အသိုင်းအ၀န်းမှသိရှိရသည်။
ဖျာပုံခလရ ၉၈ တွင် စစ်မှုထမ်းသင်တန်းဆင်းများကို တပ်သားသစ်အဖြစ်ပို့ဆောင်ရာတွင် နေ့စဥ်ထွက်ပြေးသူများ များပြားလာခြင်းကြောင့် ယခုကဲ့သို့ ဖမ်းဆီးစစ်ဆေးခြင်းဖြစ်နိုင်ကြောင်းစစ်ကောင်စီနှင့်နီးစပ်သူများမှ သုံးသပ်ပြောဆိုသည်။
ဧရာဝတီတိုင်းအတွင်း မြို့နယ် ငါးမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွါးနေပြီး စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်မှုများသည့်အပြင် အရာရှိများပါသေဆုံးနေကြောင်း စစ်ရေးအချက်အလက်များအရ သိရသည်။ ထို့အပြင် နေ့စဉ်ထွက်ပြေးနေသည့် တပ်သားသစ်များကြောင့်လည်း တပ်ရင်းများတွင် ဖိအားများနေကြောင်း သိရသည်။
#ဖျာပုံအခြေစိုက် #ခလရ၉၈တပ်ရင်းမှူး #စရဖ #ဖမ်းဆီးစစ်ဆေး #Ayeyarwaddy_Times