ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်

အခြေခံစိုက်ပျိုးရေးအလုပ်သမားရှားပါးမှုအပါအဝင် အထွေထွေကုန်ဈေးနှုန်းမြင့်တက်နေမှုကြောင့် ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် စိုက်ပျိုးရေးစရိတ်က ယခင်နှစ်ထပ် ကျပ်နှစ်သိန်းကျော်မြင့်တက် လာကြောင်း သိရသည်။

ယခင်နှစ် ၂၀၂၄ ခုနှစ်က မိုးရာသီစိုက်ပျိုးရေးစရိတ်သည် တစ်ဧက ကျပ်သုံးသိန်းခွဲမှ လေးသိန်းနီးပါး ကုန်ကျသော်လည်း ယခုနှစ် ၂၀၂၅ တွင် တစ်ဧက ကျပ်ခြောက်သိန်းနီးပါးကုန်ကျစရိတ်ရှိကြောင်း တောင်သူများထံမှ သိရသည်။

လက်ရှိတွင် ကောက်စိုက်သူနှင့်အလုပ်သမားရှားပါးမှု၊ နေ့စားအလုပ်သမားရှားပါးပြီး နေ့စားခ မြင့်တက်ခြင်း၊ ထွန်ယက်စက်ငှားရမ်းခမြင့်တက်ခြင်း၊ မျိုးစပါးဈေးနှုန်းမြင့်တက်ခြင်း၊ သွင်းအားစု ဓာတ်မြေဩဇာဈေးကြီးခြင်းစသည်တို့ကြောင့် မိုးစပါးစိုက်ပျိုးရေးကုန်ကျစရိတ်မြင့်တက်လာကြောင်း ရန်ကုန်တိုင်းရှိ လယ်ယာစိုက်ပျိုးသူများထံမှ သိရသည်။

“မိုးစပါးအခုထွန်ယက်တာလုပ်နေပြီ။ ဒီနှစ်မိုးစပါးလည်းဈေးကြီးတယ်။ နောက်ရက်တွေ စိုက်တော့ မယ်။ အဘိုးရဲ့ လယ်ယာတွေဆိုတော့ ကျွန်တော်တစ်ယောက်ထဲ ဆက်လုပ်တာ။ ကျန်တဲ့ညီကိုတွေက စိတ်မဝင်စားကြဘူး။ အမတော်ပေးတာသိတယ်မယူဘူး။ ကိုယ့်အရင်းအနှီးနဲ့ပဲစိုက်တယ်။ တစ်ဧက ငါးသိန်းကျော် ခြောက်သိန်းလောက်ကုန်မယ်လို့မှန်းထားတယ် ” ဟု ရန်ကုန်တွင် လယ်လေးဧကစိုက်ပျိုး နေသူ လယ်သမားအမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စပါးစိုက်ရာတွင် မျိုးစပါးအမျိုးအစားပေါ်မူတည်၍ ဈေးနှုန်းကွာခြားချက်ရှိပြီး တစ်တင်းလျှင် ကျပ်လေးသောင်းမှ ခြောက်သောင်းရှိကာ ဓာတ်မြေဩဇာတစ်အိတ်လျှင် ကျပ် တစ်သိန်းရှစ်သောင်း ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

စစ်ကောင်စီသည် ယခုနှစ်မိုးစပါးရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေ အမတော်ကြေးအဖြစ် တစ်ဧကကို ကျပ်တစ်သိန်းခွဲထုတ်ချေးပေးကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

“ ဟိုအရင်တုန်းကတော့ အမတော်ကြေးနဲ့စိုက်လို့ပျိုးလို့ရတယ်။ အခုနောက်ပိုင်းမရတော့ဘူး။ တစ်ခါတလေ ဘဏ်က အမတော်ကြေးထုတ်ပေးတာ နောက်ကျသေးတယ်။ အရင်ချေးငှားပြီး စိုက်ဖို့ပြင်ရတာတွေရှိတယ်။ အခုစိုက်ပျိုးစရိတ်ကဈေးကြီးတယ်။ ကုန်ဈေးနှုန်းတက်တော့ လုပ်အားခ တွေလည်းတက်တာပေါ့” ဟု ဧရာဝတီတိုင်းရှိ လယ်စိုက်သူအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့ပြင် စစ်ကောင်စီ၏ ထိန်းချုပ်မှုများကြောင့် ယခင်နှစ်က စပါးဈေးနှုန်းမကောင်း သဖြင့်တောင်သူများအခက်အခဲဖြစ်ပြီး လာမည့်စပါးပေါ်ချိန်တွင် ဈေးကောင်းရန်မျှော်မှန်းကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၂၄ -၂၀၂၅ ခုနှစ် မိုးစပါးရာသီတွင် မိုးစပါးစိုက်ဧက ၁၅ သန်းအပါအဝင် ဓာတ်မြေဩဇာ ၁ ဒသမ ၆ သန်းနှင့် ပိုးသတ်ဆေးတန်ချိန် ၁၀၉၂၂ တန်တင်းသွင်းကြောင်း စစ်ကောင်စီထုတ်ပြန်သည်။

ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ပျိုးဧကလျာထားချက်၊ ဓာတ်မြေဩဇာတင်သွင်းမှုနှင့် ဈေးနှုန်းများကို ထုတ်ပြန်ထားခြင်းမရှိကြောင်း သိရသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#မိုးစပါးရာသီ #စိုက်ပျိုးရေး #မိုးစပါးစိုက် #ကုန်ကျစရိတ်မြင့်တက် #Ayeyarwaddy_Times