
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်
မြန်မာနိုင်ငံရှိ ကလေးငယ်များ လုံခြုံစိတ်ချ၊ အသက်အန္တရာယ်ကင်းရှင်းစွာ ပညာသင်ယူနိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံအပါအဝင် နိုင်ငံတကာအနေဖြင့် ကူညီဆောင်ရွက်ပေးရန် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က တိုက်တွန်းတောင်းဆိုထားသည်။
ထို့အတွက် NUG က ဆောင်ရွက်လျက်ရှိသော ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများတွင်လည်း ပူးပေါင်းပါဝင် ကူညီပေးရန် ဖိတ်ခေါ်လိုကြောင်း ယမန်နေ့ ဇွန် ၁၀ ရက်နေ့တွင် NUG ဝန်ကြီးချုပ်ရုံး၏ ပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြည်သူနှင့် နိုင်ငံတကာသို့ သတင်းစကားပြောရာတွင် ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံက ကလေးတွေ လွတ်လပ်စွာ ပညာသင်ကြားပိုင်ခွင့်ကို မဆုံးရှုံးစေဖို့အတွက် ခေတ်မီ လေကြောင်းအချက်ပေး စနစ်တွေ၊ ဗုံးကြဲဒဏ်ခံနိုင်တဲ့ ခိုလှုံရာနေရာတွေ အရေးတကြီးလိုအပ်နေတာ ဖြစ်ပါတယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောသည်။
NUG ပညာရေး ဝန်ကြီးဌာနအနေဖြင့် ကလေးသူငယ်များ ပညာသင်ကြားခွင့် မဆုံးရှုံးစေရေးအတွက် စိုးမိုးထိန်းချုပ်နယ်မြေများတွင် ကြားကာလပညာရေးကို နည်းလမ်းမျိုးစုံ ဖော်ဆောင်သင်ကြား ပေးလျက်ရှိသော်လည်း စစ်ကောင်စီကမူ တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
လက်ရှိတွင် စစ်ကောင်စီက ကလေးများ ပညာသင်ကြားနေသည့် စာသင်ကျောင်းများကို ပစ်မှတ်ထား တိုက် ခိုက်နေခြင်းကြောင့် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများ ဆောင်ရွက်နေစဉ် ကြားကာလ ပညာရေးကျောင်းများ ခေတ္တယာယီရပ်နားထားရန် NUG က ထုတ်ပြန်ထားသည်။
အဆိုပါ ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများ ဆောင်ရွက်နေစဉ်ကာလအတွင်း ထိုကဲ့သို့ ခေတ္တယာယီရပ်နားထားရန် ညွှန်ကြားချက်အမှတ် (၁/၂၀၂၅)ကို မလွှဲမရှောင်သာ ထုတ်ပြန်ခဲ့ရကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဆိုသည်။
ဧပြီလချုပ်စာရင်းများအရ ယခု ၂၀၂၅ ပညာသင်နှစ်တွင် NUG လက်အောက်ခံ ပညာရေးဝန်ကြီးဌာနနှင့် ပူး ပေါင်း၍ မြေပြင်တွင် ပညာသင်ကြားနေသည့် ပြည်နယ်/တိုင်းအလိုက် ကြားကာလပြည်သူ့အခြေပြု အခြေခံပညာ စာသင်ကျောင်းပေါင်း ၆,၀၀၀(ခြောက်ထောင်) ကျော်ပြီး ဆရာ /ဆရာမပေါင်း ၆၆,၀၀၀ (ခြောက်သောင်းခြောက်ထောင်) ကျော်ရှိကြောင်း သိရသည်။
ထို့အပြင် NUG ၏ ကြားကာလ ပညာရေးကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူပေါင်း ၈၃၀,၀၀၀ (ရှစ်သိန်းသုံးသောင်း) ကျော်ရှိပြီး ပညာသင်ကြားခွင့် မဆုံးရှုံးစေရန် အကောင်အထည် ဖော် ဆောင်ရွက်နေရာမှ ရပ်နားထားရခြင်းဖြစ်ကြောင်း သိရသည်။
“ခုကတော့ ကျောင်းတွေက ဘေးအန္တရာယ်ကင်းရှင်းရေး စီမံချက်ပြီးမှပဲ ဖွင့်ဖို့ညွှန်ကြားထားတာဖြစ်လို့ ဘယ်အချိန်ပြန်ဖွင့်မယ်ဆိုတာတော့ ဖွင့်မယ့်အချိန်ကို အတိအကျတော့ ပြောလို့မရသေးပါဘူး” ဟု ဦး နေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် စစ်ရှုံးလာသည်နှင့်အမျှ နိုင်ငံတဝန်းအား လေကြောင်း၊ လက်နက် ကြီးတို့ဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ လူအစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှုများအပြင် ကလေးသူငယ်များ၏ ပညာသင်ယူခွင့်၊ သင်ကြားခွင့်များပါ ဆုံးရှုံးလျက်ရှိသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-NUG လက်အောက်ခံ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဖွင့်လှစ်သည့် ကြားကာလအခြေပြုကျောင်းများ (ပုံဟောင်း)
#ကလေးများ #အသက်အန္တရာယ်ကင်းရှင်း #ပညာသင်ယူနိုင်ရေး #အိမ်နီးချင်းနိုင်ငံများ #နိုင်ငံတကာ #ပူးပေါင်းကူညီ #NUG #Ayeyarwaddy_Times