ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇွန် ၁၁ ရက်

မွန်ပြည်နယ် ၊ ရေးမြို့အခြေစိုက် ခလရ -၂၉၉ တပ်ရင်း မှ စစ်မှုထမ်း သင်တန်းဆင်း စစ်ကောင်စီ တပ်သား နှစ်ဦး သည် ဇွန် ၉ ရက် တွင် ဒေါနစစ်ကြောင်း ၂ ရေးပြောက်ကျားတပ် -YGF ထံသိုလက်နက်ခဲယမ်းဖြင့်အလင်းဝင်ရောက်လာခဲ့ကြောင်း အဆိုပါ တပ်ရင်းထံမှသိရသည်။

အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား နှစ်ဦးသည် စစ်ကောင်စီ၏ အတင်းအဓမ္မတပ်သား စုဆောင်းခံခဲ့ကြရသူများဖြစ်ပြီး သင်တန်းဆင်းပြီးနောက် ရေးမြို့အခြေစိုက် ခလရ – ၂၉၉ တပ်ရင်း သို့ ပို့ဆောင်ခြင်းခံရသူများဖြစ်သည်။

အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သားနှစ်ဦးမှာ တပ်သား ဇေဇေအောင် သည် တနင်္သာရီ တိုင်း ၊ ထားဝယ် ဇာတိဖြစ်ပြီး တပ်သား ညီညီသက်သည် မွန်ပြည်နယ် ၊ မော်လမြိုင် မြို့ဇာတိဖြစ် ကာ ၎င်း တို့နှင့်အတူ MA1 တစ်လက် ၊ ကျည်ဘောက် လေးခု ၊ကျည် ၁၂၃ တောင့်ဖြင့် ဒေါနစစ်ကြောင်း၂ ထံ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခု အလင်းဝင်လာတဲ့ နှစ်ဦးက ထားဝယ်ကတစ်ယောက် နဲ့ မွန်ပြည်နယ်က တစ်ယောက်ပါ။ သင်တန်းဆင်းပြီးတာနဲ့ ခလရ – ၂၉၉ တပ်ရင်းကို တန်းပို့ခံရတာပါ။ ကျွန်တော်တို့ အဖွဲ့နဲ့ ချိတ်ဆက်ပြီး ရောက်လာတာပါ။ လက်နက်ပါလာတဲ့အတွက် ဆုကြေးငွေချီးမြှင့်ပေးဖို့ရှိတယ်။ လောလောဆယ်တော့ သူတို့ဘာလုပ်ချင်သလဲဆိုတာကိုတော့ သေချာဆုံးဖြတ်ချက် မချခိုင်းရသေးဘူး။ အခုက ကျွန်တော်တို့ တပ်ရင်းမှာပဲ ကောင်းမွန်စွာပြုစုစောင့်ရှောက်ထားတယ်”ဟု ဒေါနစစ်ကြောင်း၂ စစ်ကြောင်းမှူးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား နှစ်ဦးသည် စစ်မှုထမ်းသင်တန်းဆင်းပြီးနောက် တပ်တွင်း တာဝန်ထမ်းဆောင်နေသည်မှာ လေးလခန့်သာရှိသေးကြောင်း အဆိုပါတပ်ရင်းထံမှ သိရှိရသည်။

ထိုသို့ အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများကို ဒေါနစစ်ကြောင်း၂ မှ နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ပြီး ကျန်ရှိနေသော တပ်သားများအနေဖြင့်လည်း အသက်ဆုံးရှုံးမှု မဖြစ်စေရေးအတွက် ပြည်သူနှင့် အမြန်ဆုံးပူပေါင်းကြရန် တိုက်တွန်းထားသည်။

ပုံစာ-ဒေါနစစ်ကြောင်း၂ ရေးပြောက်ကျားတပ်YGF ထံ အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သား နှစ်ဦး။

#ရေးမြို့အခြေစိုက် #ခလရ၂၉၉တပ်ရင်း #စစ်မှုထမ်း #သင်တန်း #တပ်သား၂ဦး #လက်နက်ခဲယမ်း #ဒေါနစစ်ကြောင်း #အလင်းဝင် #Ayeyarwaddy_Times