
ဧရာဝတီတိုင်းမ်
ဇွန် ၁၀ ရက်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် အသက် ၈၀ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အတွက် ဆုတောင်း မေတ္တာပို့သခြင်းနှင့် မွေ့နေ့ဆုတောင်းဗီဒီယိုဖိုင်ပြုလုပ်ပြီးပါဝင်ရန် ဖိတ်ခေါ်ထားသည်။
အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်(NLD)၊ မွေးနေ့ပွဲကျင်းပရေး ကော်မတီက ယနေ့ ဇွန် ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
NLD ပါတီ ဥက္ကဋ္ဌလည်းဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏နှစ် ၈၀ ပြည့်မွေးနေ့ ဇွန်လ ၁၉ ရက်နေ့ မနက် ၈ နာရီတိတိတွင် နေအိမ်တွင်း (သို့မဟုတ်) အဆောက် အဦအတွင်း၌ ကိုးကွယ်ယုံကြည်ရာ ဓလေ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကိုဆန္ဒပြုလျက် ဆုတောင်းမေတ္တာပို့ခြင်းအား ၈ မိနစ်ကြာဆောင်ရွက်ပေးကြရန် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏သားငယ် Mr. Kim (ခ) ဦးထိန်လင်း ဦးဆောင်သော မွေးနေ့ဆုတောင်း စကားပြောခြင်းအစီအစဉ် Happy Birthday SUU Video Challenge ၌ ပါတီဝင်များအားလုံးနှင့် ပြည်တွင်းပြည်ပရှိ နိုင်ငံသားများပါဝင်ရန်ဖိတ်ခေါ်ကြောင်း ဆိုထားသည်။
” Suu 80 ကမ်ပိန်းက မေမေ့ရဲ့ နှစ် ၈၀ ပြည့်မွေးနေ့ကို ကမ္ဘာတစ်ဝှမ်းကလူတွေဆုတောင်းပေးနိုင်ဖို့။ ရိုးရှင်းပြီးလုံခြုံစိတ်ချစွာနဲ့ တင်လို့ရအောင်လုပ်ထားပေးတာဖြစ်ပါတယ်။ အားလုံးဘယ်သူမဆိုမွေးနေ့ဆုတောင်းကိုတင်လို့ရပါတယ်။မေမေက သူရဲ့တစ်ဘဝလုံး ဒီမိုကရေစီနဲ့လူ့အခွင့်အရေးများအတွက်နှစ်မြှုပ်ခဲ့ပြီး ဘဝရဲ့လေးပုံတစ်ပုံကိုလည်းထောင်ထဲမှာ နေအိမ်အကျယ်ချုပ်ဖြတ်သန်းခဲ့ရပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်သားငယ် Mr. Kim (ခ) ဦးထိန်လင်းက ပြောကြားသည်။
လက်ရှိချိန်တွင် အဆိုတော်အာဇာနည်၊ မော်ဒယ် ခါရာ၊ ဒေါက်တာ မီမီဝင်းဘတ်တို့အပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားသူများက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ပါဝင် လုပ်ဆောင်လျက်ရှိသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဥပဒေမဲ့ အာဏာသိမ်းကာ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအနိုင်ရပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးထား သည်မှာ ယနေ့ဆိုလျှင် ၁၅၉၀ ရက်တိတိ ရှိပြီဖြစ်သည်။
ပြီးခဲ့သည့် ၁၉၈၉ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့မှ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့အထိ ၁၅ နှစ် ၄ လ ခန့် နေအိမ်အကျယ်ချုပ်နေထိုင်ခဲ့ရသူဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အ ရေး၊ ဖက်ဒရယ်ပြည်ထောင် စု ပေါ်ပေါက်ရေးအတွက်ကြိုးစားသော်လည်း စစ်အာဏာ ရှင်အဆက်ဆက်တို့၏ ဥပဒေမဲ့ မတရားဖမ်းဆီးအကျဉ်း ကျခံခဲ့ရသူဖြစ်ပြီး ဒီပဲယင်းအရေးအခင်းကဲ့သို့ လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုများအထိဖြစ်ပေါ်ခဲ့ရသည်ဟု NLD က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#suu80thbirthday #ကမ်ပိန်းပါဝင်ရန်
#လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်
#Ayeyarwaddy_Times