
ဧရာဝတီတိုင်းမ်
ဇွန် ၁၀ ရက်
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ စပါးစေ့ကျေးရွာတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(People’s Liberation Army – PLA) တပ်၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျက်ကျသွားသည့် တိုက်လေယာဉ်မှာ လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်ရင်း မတော်တဆမှုဖြစ်ပွားခဲ့ခြင်းသည်ဟု စစ်ကောင်စီက ထုတ်ပြန် လာသည်။
တပ်မတော်(လေ)မှ တိုက်ခိုက်ရေး လေယာဉ်တစ်စင်းသည် ယနေ့ ဇွန် ၁၀ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်က လေ့ကျင့်ပျံသန်းရေးဆောင်ရွက်နေစဉ် စက်ချို့ယွင်းပြီး မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်လာခြင်းဖြစ်သည်။
ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာ၏ အရှေ့ဘက် မီတာ ၂၀၀၀ ခန့်အကွာ စပါးစေ့ကျေးရွာ အနီးသို့ အရောက်တွင် တိုက်လေယာဉ်မှာ ရုတ်တရက်စက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ကာ မြေပြင်ပေါ်သို့ ပျက်ကျခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု စစ်ကောင်စီကဆိုသည်။
အဆိုပါ လေယာဉ်ပျက်ကျခဲ့သည့် နေရာတစ်ဝိုက်သို့ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူ များက လေယာဉ်စက်ချို့ယွင်းမှု အကြောင်းအရင်းအား စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိကြောင်းလည်း ထည့်သွင်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီက ထိုသို့ထုတ်ပြန်ထားသော်လည်း PLA က ပစ်ချခဲ့သည့် လေယာဉ်အပိုင်းအစများနှင့် လေယာဉ်မှူးဖြစ်သူ၏ ခန္ဓာကိုယ်အပိုင်းအစများကို ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတစ်ဆင့် ဝေမျှထားသည်။
ဓာတ်ပုံ-PLA
ပုံစာ-PLA က ပစ်ချခဲ့သည့် ဂျက်ဖိုက်တာ အပျက်အစီးများကို တွေ့ရစဉ်။
#ပျက်ကျ #တိုက်လေယာဉ် #စက်ချို့ယွင်း #စစ်ကောင်စီထုတ်ပြန် #Ayeyarwaddy_Times