ဧရာဝတီတိုင်းမ်
(နေပြည်တော်)၊ ဇွန် ၁၀ ရက်

နေပြည်တော်၊ အမှတ်(၃) စစ်ကြောရေး နှင့်တည်းခိုရေးတပ်တွင် ပြီးခဲ့သည့် ဇွန် ၈ ရက်နေ့က အိပ်ဆောင်(၈) နေ စစ်ကောင်စီတပ်သားတစ်ဦး နှင့် စစ်ကောင်စိလက်အောက်ခံပြည်သူ့စစ်တစ်ဦးတို့ စကားများရန် ဖြစ်ခဲ့ကြပြီး ပြည်သူ့စစ်ဖြစ်သူမှာ သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

ရှေ့တန်းအခြေချထောက်ပံ့နှင့် ပို့ဆောင်ရေးတပ် (ရထပ-၁ မိတ္ထီလာ) လက်အောက်ခံ ပြည်သူ့စစ် နှင့် စစ်ကောင်စီတပ်သားတစ်ဦးတို့မှာ ထမင်းစားချိန်၌ ကျွေးမွေးရေးကိစ္စများ ဆောင်ရွက်နေစဉ် အချင်းများခဲ့ကြပြီး ယင်းနေ့ ညသန်းခေါင်တွင် စစ်ကောင်စီတပ်သားမှ ပြည်သူ့စစ်ကို ကတ်ကြေးဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သားသည် ပြည့်သူ့စစ်အိမ်သာသို့ထွက်လာချိန်ကို စောင့်ဆိုင်း၍ လည်ပင်းကို ကတ်ကြေးဖြင့် အချက်ရေများစွာ ထိုးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ကတ်ကြေးဖြင့် အထိုးခံရသည့် ပြည့်သူ့စစ်၏ အမည်မှာ နန်းစောင်ဖြစ်ပြီး တပ်ဆေးခန်းသို့ ပို့ဆောင်ချိန် အထိ အသက်ရှင်နေဆဲဖြစ်သော်လည်း နေပြည်တော် ခုတင်-၁၀၀၀ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွား ခြင်းဖြစ်ကြောင်း သိရသည်။

“သတ်လိုက်တဲ့စစ်သားက ပြည်သူ့စစ်မှုထမ်းကိုသတ်လိုက်လဲ သူဘာမှမဖြစ်ဘူး ဆိုတဲ့စိတ်နဲ့ လွယ်လွယ် လေးပဲ ဆုံးဖြတ်ပြီး သတ်လိုက်တာ။ ဒါကို လူငယ်တွေကိုနားလည်စေချင်တယ်” ဟု CDM တပ်မတော်သားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် သေဆုံးသွားသည့်ပြည်သူ့စစ်အလောင်းကို ခုတင်-၁၀၀၀ ဆေးရုံတွင် ဆက်လက်ထားရှိ‌ ကြောင်းသိရပြီး ၎င်းကိုသတ်ခဲ့သည့် တပ်သားကိုမူ အချုပ်ချထားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ထောက်ပံ့နှင့်ပို့ဆောင်ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ရောက်ရှိ လာကာ ကျန်ရှိသူများကို ဆဲဆို၍ ထိုးကြိတ်သွားကြောင်းသိရပြီး ဖြစ်စဉ်ကိုလည်း မတော်တဆ လူသတ်မှုအဖြစ် အထက်သို့ ဖုံးကွယ်တင်ပြခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားများနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များကြားတွင် မကျေလည်မှုများ ဖြစ်ပွားနေပြီး မကြာသေးခင်က မိတ္ထီလာမြို့အဝင်တိုးဂိတ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးနှင့် အချင်းများခဲ့သည့် ပြည်သူ့စစ်ခေါင်းဆောင်ဇော်ယုထွန်းကို ပြီးခဲ့သည့် မေ ၁၅ ရက်နေ့တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

ဓာတ်ပုံ – ပေးပို့
ပုံစာ-စစ်သားနှင့် ပြည်သူ့စစ်တို့ စကားများ ရန်ဖြစ်သည့် ဖြစ်စဉ်ကို ကာတွန်းဖြင့် သရုပ်ဖော်ထား ခြင်းဖြစ်သည်။
#နေပြည်တော် #စစ်ကောင်စီတပ်သား #ပြည်သူ့စစ် #စကားများ #ကတ်ကြေး #သေဆုံး #Ayeyarwaddy_Times
Bo