
ဧရာဝတီတိုင်းမ်
ဇွန် ၁၀ ရက်
နောင်ချိုမြို့နယ်ရှိ တအာင်းအမျိူးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ဒေသများသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာသည့်အတွက် တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ယမန်နေ့ ဇွန် ၉ ရက် နံနက် ၈ နာရီ ၅၀ မိနစ်ခန့်တွင် စစ်ကြောင်း ထိုးလာသည့်အတွက် ပိန္နဲကုန်းနှင့် ကန်ကြီးကျေးရွာအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး ၂၇ လုံး ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း TNLA ကထုတ်ပြန်သည်။
ပြီးခဲ့သည့်ရက်ပိုင်း ဇွန် ၈ ရက်နေ့ကလည်း နောင်ချိုမြို့နယ်ရှိ ရှောက်ခြုံ၊ ကန်ကြီး၊ လက်ပန်ကုန်း ကျေးရွာ တို့ကို စစ်ကောင်စီဘက်မှ ထိုးစစ်ဆင်လာသည့် အတွက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ဒရုန်းဗုံး ၁၂ လုံးနှင့် လက်နက်ကြီး ၁၈ လုံးတို့ဖြင့် ပစ်ကူတိုက် ခိုက်ခဲ့သည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန် ၇ ရက်နေ့ကလည်း TNLA တပ်များတည်ရှိရာ ကန်ကြီးကျေးရွာ၊ ညောင်တောနှင့် နောင်ချိုကြီးကျေးရွာတို့ကိုထိုးစစ်ဆင်လာသည့်အတွက် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ကန်ကြီးကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အထိနာပြီး တပ်ပြန်ဆုတ်သွားရကြောင်း သိရသည်။
ဇွန် ၄ ရက်နေ့ကလည်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် နောင်ချိုမြို့အတွင်းရှိ အမျိုး သားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်နှစ်လုံးနှင့် ဘုန်းကြီး ကျောင်းတစ်ကျောင်း ဗုံးစထိမှန်ပျက်စီးခဲ့သည်။
ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့သည် ငလျင်ဒဏ်သင့်ပြည်သူများကို စာနာထောက် ထားသောအားဖြင့် ယခုဇွန်လတွင်လည်း အပစ်ရပ်ကာလအဖြစ်သက်မှတ်၍ သက်တမ်းတိုးကြောင်း ထုတ်ပြန်ကာ မြေပြင်တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။
သို့ရာတွင် စစ်ကောင်စီက နောင်ချိုမြို့နယ်အတွင်း ထိုးစစ်ဆင်ခြင်း၊ စစ်အင်အားဖြည့်တင်းခြင်း၊ ဒရုန်းဖြင့်ဗုံးကြဲချခြင်း၊ လေကြောင်းပစ်ကူနှင့် လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကို ပြုလုပ်လျက်ရှိသည်။
ဓာတ်ပုံ-TNLA
#နောင်ချို #TNLA #စစ်ကောင်စီ #တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times