ဧရာဝတီတိုင်းမ်
ဇွန် ၁၀ ရက်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ စစ်ကောင်စီ၏ လေတပ်စခန်းဌာနချုပ် တိုက်ခိုက်ခံရပြီး စစ်ဗိုလ်တစ်ဦး အပါအဝင် နှစ်ဦးသေဆုံးကြောင်း သိရသည်။

မှော်ဘီမြို့ရှိ လေတပ်စခန်းဌာနချုပ်ကို ယမန်နေ့ ဇွန်၉ ရက် ည ၇ နာရီ ခန့်တွင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် Civilian Military -SRDF တပ်ဖွဲ့က အသေခံဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

“ညက လေထီးတပ် ၁၆ အရှေ့ကနေ လူနာတွေကို ကားနဲ့ခေါ်ထုတ်သွားတာ တွေ့ရတယ်။ Ambulance ကားတွေပါ သုံးပြီး လာခေါ်ထုတ်သွားတာ တွေ့ရပါတယ်”ဟု မှော်ဘီလေတပ်အနီးနေထိုင်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အိုးတိန်တွင်းရွာစစ်ဆင်ရေးအဖြစ် ရေဒီယိုလှိုင်းနှောက်စက် (Jammer) ကျော်ဖြတ်နိုင်သော အဆင့်မြင့် အသေခံဒရုန်းများဖြင့် ဗုံး ကြဲတိုက်ခိုက်ခဲ့ရာ လေတပ်စခန်း ကင်းစင်ကို ထိမှန်ပေါက်ကွဲခဲ့ပြီး စစ်ဗိုလ်မိုးဝေကျော်နှင့် စစ်ကောင်စီတပ်သား ဖြိုးကိုကိုတို့ သေဆုံးသွားကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်း ရွာစာသင် ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၇ နှစ်မှ ၁၇ အတွင်း ကလေးငယ်များနှင့် ဆရာမအပါအဝင် ၂၄ ဦးသေဆုံးပြီး ကျောင်းနေအရွယ် ကလေး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ အိုးတိန်တွင်းရွာ စစ်ဆင်ရေးအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Civilian Military -SRDF) နှင့် ရွှေဘိုခရိုင် အမှတ် (၁၅) တပ်ရင်းတို့ ပူးပေါင်းပြီး လေတပ်ဌာနချုပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ မိသားစုဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပုံစာ-စစ်ကောင်စီ၏လေတပ်စခန်းတစ်ခုကိုတွေ့ရစဉ်(ပုံဟောင်း)

#ရန်ကုန် #မှော်ဘီ #လေတပ် #အသေခံဒရုန်း #တိုက်ခိုက်ခံရ #Ayeyarwaddy_Times