
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၁၀ ရက်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းသော ရည်ရွယ်ချက်များဖြင့် အသုံးပြု မည်ဟု အကြောင်းပြ၍ စစ်ရေးအတွက် နျူကလီးယား နည်းပညာရယူရန် အရှိန်မြှင့် လုပ်ဆောင်လာ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ်ရုံးထံမှ သိရသည်။
ယင်းကဲ့သို့ အရှိန်မြှင့် ကြိုးပမ်းလာမှုကို NUG အနေဖြင့် စိုးရိမ်ပူပန်မိကြောင်း ယနေ့ ဇွန် ၁၀ ရက်တွင် ထုတ်ပြန်သော ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားမှု၌ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ထိုသို့ထည့်သွင်း ပြောဆိုသည်။
“အဓိကက ဒေသတွင်း နိုင်ငံတွေအနေနဲ့ အထူးအလေးထားသင့်ကြောင်း ပြောလိုတာပါ။ နိုင်ငံတကာ အသိုက် အဝန်းအနေနဲ့လည်း လိုအပ်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
နျူကလီးယား နည်းပညာကို ပိုင်ဆိုင်၍ စစ်ရေးအတွက် အသုံးချရန်မှာ စစ်အာဏာရှင်အဆက်ဆက်၏ နိုင်ငံ့အာဏာကို ထာဝရစိုးမိုးထိန်းချုပ်နိုင်ရေးအတွက် အစဉ်တစိုက်ကြိုးစားခဲ့သည့် အိပ်မက်ဖြစ်ပြီး ရုရှားနိုင်ငံနှင့် ပူးပေါင်းလုပ်ကိုနေခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ-ရုရှား နှစ်နိုင်ငံအကြား နျူကလီးယားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးကို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၀၇ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး ဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ်တွင် ရုရှား ကုမ္ပဏီ ROSATOM နှင့် ပထမဆုံး နားလည်မှုစာချွန်လွှာ ထိုးခဲ့ကြောင်း သိရသည်။
ယင်းကိစ္စသည် အရပ်သားအစိုးရ NLD လက်ထက်တွင် ရပ်တန့်ခဲ့သော်လည်း စစ်အာဏာသိမ်း ပြီးနောက် စစ်ခေါင်းဆောင်က နျူကလီးယားအိပ်မက်ကို ပြန်လည်အသက်သွင်းလာခြင်းဖြစ်ကြောင်း NUG ဝန်ကြီးချုပ် ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဆိုသည်။
ထို့ကြောင့် စစ်ကောင်စီသည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်မှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာအထိ ၁၅ လအတွင်း နားလည် မှုစာချွန်လွှာထိုးခြင်း၊ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ ဖွင့်လှစ်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှု ၁၄ ခုအတွက် သဘောတူညီချက်များ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စစ်ခေါင်းဆောင်က ဓာတ်ပေါင်းဖို တည်ဆောက်ရေးအတွက် လေ့လာဆန်းစစ်မှုများ အပြီးသတ်ပြီး လက်တွေ့တည်ဆောက်ရန် ပြင်ဆင်လာကာ အချိန်တိုအတွင်း တစ်ဆင့်ပြီးတစ်ဆင့် တိုး မြှင့်လုပ်ဆောင်လာကြောင်း NUG ထံက သိရသည်။
“ပြည်သူလူထုကို နေ့စဉ်ရက်စက် တိုက်ခိုက်သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့ လက်ထဲကို နျူကလီးယားစွမ်းအင်သုံး လက်နက်တစုံတရာ ရောက်ရှိသွားမယ်ဆိုရင် ဒါဟာ ဒေသတွင်း နိုင်ငံတွေ အတွက်ပါ မတွေးဝံ့စရာ” ဟု ဦးနေဘုန်းလတ်က ဆိုသည်။
မြန်မာနိုင်ငံသည် NLD အစိုးရလက်ထက်က နျူကလီးယားဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ကွန်ဗင်းရှင်းနှင့် နျူကလီးယားပစ္စည်းများ၏ ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှု ကွန်ဗင်းရှင်းတို့ကို ၂၀၁၆ ခုနှစ်တွင် အတည်ပြုလက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
ယင်းအပြင် နျူကလီးယားလက်နက် စမ်းသပ်မှုများ အလုံးစုံတားမြစ်ရေးစာချုပ် (CTBT)ကို ၂၀၁၇ ခုနှစ်တွင် အတည်ပြု လက်မှတ်ရေးထိုး၍ နျူကလီးယားလက်နက်များ တားမြစ်ရေးစာချုပ် (TPNW)ကို လည်း ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
သို့သော် TPNW ကို အတည်ပြုရန်နှင့် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA)၏ နောက်ဆက်တွဲ သဘောတူညီချက် စာချုပ်များကို အသက်ဝင်လာအောင် ဆောင်ရွက်နေစဉ် စစ်အာဏာ သိမ်းမှုကြောင့် ရပ်ဆိုင်းခဲ့ရခြင်းဖြစ်သည်။
#စစ်ခေါင်းဆောင် #စစ်ရေး #နျူကလီးယားနည်းပညာ #အရှိန်မြှင့်လုပ်ဆောင် #NUG #Ayeyarwaddy_Times