(ပလက်ဝ)၊ဧရာဝတီတိုင်းမ်
ဇွန် ၁၀ ရက်

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရွှေလိုင်ပွီကျေးရွာမှ အသက်ကြီးပိုင်း ချင်းအမျိုးသမီးတစ်ဦးသည် အကြမ်းဖက် သတ်ဖြတ်ခံရကြောင်းမိသားစုဝင်များထံမှ သိရသည်။

ရွှေလိုင်ပွီကျေးရွာမှ အသက် (၆၈) နှစ်အရွယ် ဒေါ်တောင်ရီသည် ပြီးခဲ့သည့် မေ ၂၆ ရက်နေ့က တောင်ယာသွားစဥ် ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး မေလ ၃၀ရက်နေ့တွင် အကြမ်းဖက် သတ်ဖြတ်ခံရသည့် အလောင်းကို တွေ့ရှိခြင်းဖြစ်သည်။

“တောင်ယာတစ်ယောက်တည်းသွားပြီး ညမိုးချုပ်ထိ ပြန်ရောက်မလာသေးလို့ ရွာသားတွေက လူစုဖွဲ့ပြီး ဝိုင်းရှာကြပေမယ့် သူရဲ့ ဘောင်းဘီ၊ ထဘီ၊ ပုဝါ၊ ဓား၊ ကွမ်းထုပ်၊ မီးခြစ်၊ ထမင်းစားတဲ့ ဖက်ရွက်တွေပဲ တွေ့တယ်။ လူကိုတော့ တောက်လျောက်ရှာတာ မတွေ့ဘူး။ မေ ၂၉ ရက်နေ့မှာ အလောင်းကို တွေ့တယ်”ဟု မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဒေါ်တောင်ရီကို ရွာသားများက လူစုခွဲပြီး ချောင်း၊ တောတောင် နေရာအနှံ့တွင် လိုက်ရှာကြသော်လည်း မတွေ့ရှိရဘဲ မေလ ၂၉ ရက်နေ့တွင်မှ အလောင်းကို ရှာဖွေတွေ့ရှိခြင်းဖြစ်သည်။

“အလောင်းကိုတော့ ဒိုးချောင်းဝရွာအောက် ကုလားချောင်းထဲမှာ ပြန်တွေ့ပါတယ်။ ရွာသားတွေရဲ့ ရှာဖွေမှုမဟုတ်ဘဲ ရွာစခန်းကုန်းက AA ရဲ့ လမ်းညွန်ချက်နဲ့ အလောင်းကို ပြန်တွေ့တာပါ။ အလောင်းကို ရွာကိုသယ်ယူပြီး မေလ ၃၀ ရက်နေ့မှာ သင်္ဂြိုဟ်လိုက်ပါပြီ” ဟု မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဒေါ်တောင်ရီ၏ သေဆုံးခြင်းနှင့်ပတ်သက်၍ ရွှေလိုင်ပွီကျေးရွာရှိ အာရက္ခတပ်တော် (AA) ၏ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း အတည်ပြုထားသော်လည်း သေဆုံးသူ၏ ရုပ်အလောင်းသည် အကြမ်းဖက် သတ်ဖြတ်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးခြင်းဖြစ်ကြောင်း မိသားစုဝင်များကပြောကြားသည်။

“အလောင်းဆယ်ယူသူတွေက ဦးခေါင်းမှာ ရိုက်နှက်ဒဏ်ရာတွေ တွေ့တယ်။ ပြီးတော့ ဆံပင်တွေ အကုန်ရိတ်ထားတယ်။ မိန်းမအင်္ဂါကိုလည်း လှီးဖြတ်ထားတယ်။ ခြေ၊ လက်ချောင်း အကုန် ဓားနဲ့လှီးပြီး ခန္ဓာတစ်ကိုယ်လုံး ဓားဒဏ်ရာတွေ တွေ့ရတယ်။ အလောင်းက မြင်မကောင်းဘူး” ဟု မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဒေါ်တောင်ရီသည် အဓမ္မပြုကျင့်ခံရပြီး အလောင်းဖျောက် သတ်ဖြတ်ခံရခြင်းဖြစ်နိုင်ကြောင်း မိသားစုဝင်များက သုံးသပ်ထားပြီး ယခုကဲ့သို့ ရက်စက်စွာ အကြမ်းဖက် သတ်ဖြတ်ခံရခြင်းကြောင့် ရွာသားများသည် တောင်ယာသို့ တစ်ယောက်တည်း မသွားရဲဘဲ လူစု၍သွားလာနေရကာ စိုးရိမ်ထိတ်လန့်မှုများ ရှိနေကြောင်း သိရသည်။

“အဲဒီလူသတ်မှုဖြစ်ပြီးနောက်ပိုင်း ရွာထဲက မိန်းကလေးတွေက တောင်ယာကို တစ်ယောက်ထဲ မသွားရဲတော့ဘူး။ ဟင်းရှာတာဖြစ်၊ ထင်းခွေတာဖြစ်ဖြစ် သုံးယောက်၊ လေးယောက်မှ သွားရဲတော့တယ်။ ရွာသားတွေလည်း အကုန်ကြောက်ကြတယ်။ အရင်က ပလက်ဝမြို့နယ်မှာ အခုလိုဖြစ်စဥ် မရှိခဲ့ဖူးဘူး” ဟု ရွှေလိုင်ပွီကျေးရွာမှ ရွာသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရွှေလိုင်ပွီကျေးရွာသည် မြန်မာ-အိန္ဒိယနယ်စပ်တွင် တည်ရှိပြီး အိမ်ခြေ ၈၀ ခန့်ရှိကာ ရွာတောင်ထိပ်တွင် အာရက္ခတပ်တော် (AA) ၏ စခန်းကုန်းရှိ၍ ရွာကို AA အုပ်ချုပ်ရေးအဖွဲ့က အုပ်ချုပ်ထားကြောင်း သိရသည်။

ထို့ကြောင့် AA အနေဖြင့် အဆိုဖြစ်စဥ်နှင့် ပတ်သက်ပြီး လူသတ်တရားခံအမြန်ဆုံးဖော်ထုတ်ကာ ထိုက်သင့်သည့် အရေးယူအပြစ်ပေးဆောင်ရွက်မှုများ ပြုလုပ်စေချင်ကြောင်း ရွှေလိုင်ပွီကျေးရွာ ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့ကလည်း ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာမှ အိမ်ထောင်သည် ကလေးမိခင် ချင်းအမျိုးသမီးတစ်ဦးကို AA အရာရှိတစ်ဦးနှင့် ရဲဘော်တစ်ဦးတို့မှ အဓမ္မမပြုကျင့်ပြီး ရေနှစ်သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သည်။

အလားတူ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် ချင်းအမျိုးသမီးကို အမည်မသိ လူတစ်စုက AA စခန်းအနီးတွင် မုဒိမ်းကျင့်၍ အသက်သေလုမျော့ပါး ရိုက်နှက်ပြီး ချောင်းစပ်အနားတွင် စွန့်ပစ်ခဲ့သည့်ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့သည်။

ထို့အပြင် ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းက ပလက်ဝမြို့နယ်၊ မောင်နှမကျေးရွာမှ ကလေးအပါအဝင် မိသားစုဝင် သုံးဦး သုံးလောင်းပြိုင် လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခံရသည်။

အာရက္ခတပ်တော် (AA) သည် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ ကျူးလွန်ထားသည့် မုဒိမ်းမှုအပါအဝင် အခြား မုဒိမ်းတရားခံများနှင့် လူသတ်တရားခံများကို ယနေ့ထိတိုင်း ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ခဲ့ခြင်း မရှိဘဲ တရားခံများမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။

ယခင်က ပလက်ဝမြို့နယ်တွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းမရှိသော်လည်း AA ထိန်းချုပ်ပြီးနောက်ပိုင်း လူသတ်မှု၊ အဓမ္မပြုကျင့်မှုတို့ ရှိလာသည့်အတွက် ဒေသခံပြည်သူများသည် စိုးရိမ်နေကြပြီး AA အနေဖြင့် တင်းကျပ်စွာကိုင်တွယ် ဖြေရှင်းပေးရန် ဒေသခံများက လိုလားလျက်ရှိသည်။

ဓာတ်ပုံ-ပေးပို့

ပုံစာ-အကြမ်းဖက် သတ်ဖြတ်ခြင်းခံရသည့် ပလက်ဝမြို့နယ်၊ ရွှေလိုင်ပွီရွာမှ ဒေါ်တောင်ရီ။

#ပလက်ဝမြို့နယ် #အသက်ကြီးပိုင်း #ချင်းအမျိုးသမီးတစ်ဦး #အကြမ်းဖက်သတ်ဖြတ်ခံရ #Ayeyarwaddy_Times