
ဧရာဝတီတိုင်းမ်
ဇွန် ၉ ရက်
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့အနီးရှိ ကျေးရွာများ၌ စစ်ကောင်စီက စစ်ဆေးရေးတင်းကြပ်ထားကြောင်း သိရသည်။
ယခု ဇွန်လ ပထမပတ်မှစ၍ အင်္ဂပူမြို့နယ်နှင့် လေးမျက်နှာမြို့အစပ်နားရှိ ပိန္နဲကွင်း၊ ကံကွင်း၊ လင်းလွန်းပင်၊ ကွင်းလှ၊ သပြေကုန်းစသည့် ကျေးရွာများအထိ စစ်ကောင်စီက နယ်မြေရှင်းလင်းရေးဝင်နေကြောင်း သိရသည်။
“ပုသိမ်-မုံရွာလမ်းပိုင်းက ကျေးရွာတွေကို တစ်ပတ် သုံးရက်လောက် စစ်ကြောင်းပုံစံဝင်လာပြီး စစ်ဆေးမှုတွေရှိတယ်။ အင်္ဂပူနဲ့ လေးမျက်နှာအစပ်မှာတော့ စစ်ရေးက ဖြစ်လိုက် နားလိုက်ပဲ။ မြို့ပေါ်အထိ လက်နက်သံတွေ ကြားရတဲ့နေ့တွေရှိပါတယ်။ အခုရက်ပိုင်းအတွင်း စစ်တပ်က အစစ်အဆေးတင်းကြပ်နေတယ်” ဟု ကွင်းကောက်ဒေသခံက ဧရာဝတီတိုင်းမ်ကို ပြော သည်။
ထို့အပြင် အင်္ဂပူ၊ ကွင်းကောက်၊ မဲဇလီကုန်း၊ အုတ်သျှစ်ကုန်း၊ ထူးကြီးတို့တွင် စစ်ကောင်စီက အထိုင်ချကာကင်းစခန်းများ ပြုလုပ်ထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း တတက ၅ အနီးတွင် စစ်ရေးလှုပ်ရှားမှုများ ရှိလာသည့်အတွက် အနီးဝန်းကျင်ရှိကျေးရွာများအထိ စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်
စစ်ဆေးနေကြောင်း သိရသည်။
ကွင်းကောက် တတက ၅ အနီးတွင်လည်း စစ်အင်အားများ တိုးချဲ့ပို့ဆောင်ထားပြီး ပေါ်တာဆွဲဖမ်းဆီးထားသည့် လူငယ်များကို စစ်သင်တန်းရက်တိုပေးကာ လုံခြုံရေးယူခိုင်ထားကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်၊ ပိန္နဲကွင်းကျေးရွာအနီးတွင်လည်း စစ်ကောင်စီက အင်အား ၅၀ ခန့်ဖြင့် လက်နက် ကြီးစခန်း အခြေစိုက်ထားပြီး အင်္ဂပူမြို့နယ် မဲဇလီကုန်းမြို့ကို ခံစစ်မြို့အဖြစ် စီမံဆောင်ရွက်ထားကြောင်း သိရသည်။
#ဧရာဝတီတိုင်း #အင်္ဂပူ #ကွင်းကောက် #စစ်ကောင်စီ #စစ်ဆေး #ကျေးရွာများနယ်မြေရှင်းလင်း #Ayeyarwaddy_Times