
ဧရာဝတီတိုင်းမ်
ဇွန် ၉ ရက်
အဆိုတော်ချမ်းချမ်းရောင်းသည့်ပစ္စည်းများကို ဝယ် ယူသည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးစစ်ဆေးခြင်းကို ခံနေရသည့် မော်ဒယ်အေဂျင်စီပိုင်ရှင် ဂျွန်လွင်ပြန်လည်လွတ်မြောက် လာကြောင်း သိရသည်။
စစ်ကောင်စီက ယနေ့ ဇွန် ၉ ရက် နေ့လယ်ပိုင်းတွင် Star & Model Agency ပိုင်ရှင် ဂျွန်လွင်ကို ဖမ်းဆီးထားရာမှ ပြန်လည်လွှတ်ပေးလိုက်ကြောင်း ရဲသတင်းရင်းမြစ်ထံမှ သိရသည်။
ဂျွန်လွင်သည် ပြီးခဲ့သည့် ဇွန် ၅ ရက်က စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး လေးရက်အကြာတွင် စစ်ကောင်စီက ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။
စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထား၍ ပြည်ပတွင် နေထိုင်နေသော အဆိုတော်ချမ်းချမ်း အွန်လိုင်းမှ ရောင်းချသည့် ပစ္စည်းများကို ဝယ်ယူခြင်းကြောင့် ဂျွန်လွင်ကို ဖမ်းဆီးစစ်ဆေးခြင်းဖြစ်သည်ဟု ဆိုထားသော်လည်း သရုပ်ဆောင် ခိုင်နှင်းဝေကို ဝေဖန်ခြင်းကြောင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း အနုပညာအသိုင်းအဝိုင်းထံမှ သိရသည်။
စစ်တပ်ထောက်ခံသူများသည် ဂျွန်လွင် ဖမ်းဆီးခြင်းမခံရခင်က ချမ်းချမ်းနှင့်ပတ်သက်သည့်အပြင် ခိုင်နှင်းဝေကို ဝေဖန်နေသောကြောင့် ဖမ်းဆီးရန်လိုကြောင်း ဝါဒဖြန့်ချန်နယ်များတွင် တိုက်တွန်း ရေးသားမှုများ ရှိခဲ့သည်။
စစ်ကောင်စီက ပုဒ်မ ၅၀၅ ထုတ်ခံထားရသည့် အနုပညာရှင်များနှင့် လူပုဂ္ဂိုလ်များကို ပတ်သက်သည့် သူများအား အကြမ်းဖက်ဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန် ၂ ရက်နေ့က ထုတ်ပြန်ထားသည်။
#ဂျွန်လွင် #စစ်ကောင်စီ #ပြန်လွှတ် #Ayeyarwaddy_Times