
ဧရာဝတီတိုင်းမ်
ဇွန် ၉ ရက်
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းလူစားထိုးရန် လူဝယ်ယူရမည်ဟုဆိုကာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက လစဥ်ငွေတောင်းယူနေကြောင်း ဒေသခံများထံက သတင်းရရှိသည်။
ဒေးဒရဲမြို့နယ်၊ ကွန်ပလိုင်းကျေးရွာ၊ စစ်ကောင်စီခန့် အုပ်ချူပ်ရေးမှူးမှာ ဦးမြတ်မင်းသူ (ခ) ကိုသူ ဖြစ်ပြီး ၎င်း၏ ကျေးရွာအုပ်စုအတွင်း ပြည်သူ့စစ်မှုထမ်းအကြောင်းပြ၍ လစဥ်ငွေတောင်းယူမှုများပြုလုပ်သည်ဟု ဒေသခံများကပြောဆိုသည်။
“စစ်မှုထမ်းအတွက် လူအစားထိုး လူဝယ်ထည့်မယ်ပြောပီးငွေကောက်တာ။ ငွေကောက်တာကို အုပ်စုက သက်ဆိုင်ရာကို အကြောင်းကြားတိုင်းတော့လည် ခေါ် စစ်ယုံပဲ”ဟု ကွန်ပလိုင်းအုပ်စုရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ကွန်ပလိုင်းကျေးရွာနှင့် ကျွဲခြုံစုကျေးရွာ နှစ်ရွာတစ်အုပ်စုကို ကျပ်ငွေသိန်း ၁၆ဝ ထက်မနည်း ၎င်းတို့လိုအပ်နေသည့် ငွေပမာဏအထိ ရရှိရမည်ဟုဆိုကာ ငွေကောက်ယူနေသည်ဟု ဒေသခံများကပြောသည်။
လစဉ် အသက် ၁၈နှစ်မှ ၃၅အတွင်းရှိသူများက်ို ကျပ်ငွေ တစ်သိန်း၊ အသက် ၃၅နှစ်မှ ၆၅နှစ် ရှိသူများကို သုံးသောင်းကျပ်၊ စစ်မှုထမ်းဆောင်ရန် လူမရှိသည့် နေအိမ်များကို လေးသောင်းကျပ် လစဥ်တောင်းယူသည်ဟု ဒေသခံများကပြောဆိုသည်။
ငွေတောင်းယူမှုပြုလုပ်နေသည့် ကွန်ပလိုင်းအုပ်စု၊ စစ်ကောင်စီခန့် အုပ်ချူပ်ရေးမှူး ဦးမြတ်မင်းသူ ကို စစ်ကောင်စီတပ်ထံ တိုင်ကြားသော်လည်း အရေးယူမှုတစ်စုံတစ်ရာပြုလုပ်မှုမရှိပဲ စစ်ကောင်စီတပ်က ပြန်လွှတ်လိုက်ကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီခန့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအများစုသည် ပြည်သူ့စစ်မှုထမ်းအကြောင်းပြ ခြိမ်းခြောက်ငွေတောင်းယူမှုများပြုလုပ်နေသော်လည်း စစ်ကောင်စီတပ်မှ အရေးယူမှုများပြုလုပ်ခြင်းမရှိပဲ ပြည်သူ့စစ်မှုထမ်းများ ရရှိရေးအတွက်သာ ဦးစားပေးလုပ်ဆောင်လျှက်ရှိသည်ဟု စစ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးတစ်ဦးကပြောသည်။
ဧရာဝတီတိုင်းတွင် ၂၆မြို့နယ်ရှိပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအများစုမှာ ပြည်သူ့စစ်မှုထမ်းအကြောင်းပြ ငွေတောင်းယူမှုများကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာကြသလို ကိုယ်ကျိုးအတွက်အသုံးပြုကာ ကြီးပွားချမ်းနေကြကြောင်း ဧရာဝတီတိုင်းရှိ ဒေသခံများပြောဆိုသည်။
#ဒေးဒရဲ #ပြည်သူ့စစ်မှုထမ်း #လူဝယ်ရမည် #ကျေးရွာအုပ်ချုပ်ရေးမှူး #လစဥ်ငွေတောင်း #Ayeyarwaddy_Times