ဧရာဝတီတိုင်းမ်
ဇွန် ၉ ရက်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Rama-II လမ်းမကြီး တစ်နေရာရှိ မိုးပျံတံတားလမ်း ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ယမန်နေ့ ဇွန် ၈ ရက်နေ့က မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး မြန်မာလူမျိုး အလုပ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများထံမှ သိရသည်။

အမြန်လမ်းမ၏ တစ်စိတ်တစ်ပိုင်းဧရိယာဖြစ်လာသည့် အဆိုပါမိုးပျံယာဉ်လမ်း ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း မြေပြိုကျမှုဖြစ်စဉ်ကြောင့် ကွန်ကရစ်ပြားကြီးတစ်ခုလည်း ရေနုတ်မြောင်း အောက်ခြေသို့ ပြုတ်ကျခဲ့ပြီး မြောင်းထဲရှိ မြန်မာအလုပ်သမားပေါ်သို့ ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးခဲ့သည့် မြန်မာအလုပ်သမားမှာ အသက် ၃၉ နှစ်အရွယ် Mr. Mew ဆိုသူဖြစ်ပြီး မျက်မြင်‌ တွေ့ရှိသူများအဆိုအရ သေဆုံးသူမှာ မြေပြိုကျချိန်တွင် ရေနုတ်မြောင်းတွင် ပိုက်များတပ်ဆင်နေပြီး ပြိုကျမှုကြာင့် ၎င်းမှာ မြေကြီးနှင့် ကွန်ကရစ်ပြားများအောက်တွင် နစ်မြုပ်သွားခဲ့ရကြောင်းလည်း သိရသည်။

ကယ်ဆယ်ရေးလုပ်သားများက သုံးမီတာအနက်ရှိ ရေနုတ်မြောင်းမှ သေဆုံးသူကို ကယ်ဆယ်နိုင် ခဲ့ချိန်တွင် အသက်ရှင်နေသေးသော်လည်း ဆေးရုံသို့ရောက်ရှိပြီး မကြာမီတွင် ရရှိခဲ့သည့် ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရသည်။

ဘန်ကောက်မြို့တွင် ပြီးခဲ့သည့် ၂၀၂၄ နိုဝင်ဘာ ၂၉ ရက်နေ့ကလည်း Rama-II လမ်းမကြီးတစ်နေရာရှိ မိုးပျံတံတားလမ်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် တံတားပြိုကျမှုဖြစ်ပွားခဲ့ပြီး မြန်မာအလုပ်သမား လေးဦးသေဆုံးခဲ့ကာ ယခုအခါတွင် နစ်နာကြေး အနေဖြင့်မိသားစုများက ဘတ်တစ်သန်းစီ ရရှိခဲ့ပြီ ဖြစ်ကြောင်းလည်း သိရသည်။

ကိုးကား – Bangkok Post
#Ayeyarwaddy_Times