ဧရာဝတီတိုင်းမ်
ဇွန် ၉ ရက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်အတွင်းရှိ အမှတ် (၃၂) လုံခြုံရေးရဲတပ်ဖွဲ့ (ရဲတပ်ရင်း-၃၂) အနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

စစ်ကောင်စီသည် ယနေ့ ဇွန် ၉ ရက်နေ့တွင် ကျောက်ဖြူ ရဲတပ်ရင်း ဝန်းကျင်သို့ လေကြောင်းမှ ဗုံး လေးကြိမ် လာရောက်ကြဲချခဲ့ကြောင်း သိရသည်။

“ရဲတပ်ရင်း ၃၂ က ကာကင်းတွေအနားမှာ တိုက်ပွဲ‌ရှိနေတယ်။ စစ်တပ်က ဒရုန်းရော လေယာဉ်ပါသုံးပြီး ဗုံးလာကြဲတယ်”ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက အပစ်ရပ်စဲကြောင်း ထုတ်ပြန်ပြီးနောက် ကျောက်ဖြူမြို့နယ်အတွင်း ရွှေ OGT စက်ရုံအနီး၊ ကတ်သပြေကျေးရွာအနီး၊ ဓညဝတီရေတပ်စခန်း၊ ပင်လယ်ပြင်တွင်ကင်းလှည့်နေသည့် စစ်သင်္ဘောတို့မှ လက် နက်ကြီးများဖြင့် ပစ်ခတ်တိုက်စစ် ဆင်လာကြောင်း သိရသည်။

ထို့အပြင် စက်တပ်လေထီးနှင့် ဒရုန်းများမှနေ၍လည်း နေ့စဉ်ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

AA ကမူ အပစ်ရပ်စဲကြောင်း ထုတ်ပြန်ပြီးနောက် ထိုးစစ်ကို ရပ်တန့်ထားပြီး စစ်ကောင်စီကမူ ကာကင်းစခန်းများမှထွက်၍ ထိုးစစ်ဆင်မှုများပြုလုပ်နေကြောင်း သိရသည်။

AA အနေဖြင့် ထိုးစစ်ကိုရပ်တန့်ထားသော်လည်း သိမ်းပိုက်ထားသည့်နေရာများမှ ဆုတ်ခွာပေးခြင်းမရှိဘဲ ခုခံစစ်ကို အသုံးပြုနေပြီး နယ်မြေကျော်လာသည့် စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်လျက် ရှိကြောင်း သိရသည်။

စစ်ကောင်စီနှင့် AA တို့ အပစ်ရပ်စဲကြောင်းကို ယခုဇွန်လကုန်အထိ သက်တမ်းတိုး ထုတ်ပြန်ထား ပြီးနောက် နှစ်ရက်ခန့်သာ စစ်ရေးရပ်တန့်ခဲ့ပြီး ပြီးခဲ့သည့် ဇွန် ၃ ရက်နေ့က စတင်ကာ တိုက်ပွဲများပြန် လည်ပြင်းထန်လာ‌ခြင်းဖြစ်သည်။

#ရခိုင် #ကျောက်ဖြူ #ရဲတပ်ရင်း၃၂ #တိုက်ပွဲဖြစ် #စစ်ကောင်စီ #လေကြောင်းဗုံးကြဲ #Ayeyarwaddy_Times