ဧရာဝတီတိုင်းမ်
‌ဇွန် ၉ ရက်

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်များ ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို စစ်ကောင်စီက စစ်ရေးနည်းဖြင့် ပြန်လည်ရယူရန်ကြိုးစားနေပြီး လက်နက်ကြီးစခန်းများပါ အခြေပြု လာကြောင်း သိရသည်။

ယခု ဇွန်လ ပထမပတ်အတွင်း စစ်ကောင်စီက နောင်ချိုမြို့ပေါ်ရပ်ကွက်များအထိ လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်လာပြီး နောင်ချိုကြီး တိမ်ပင်လယ်တွင် ဗျူဟာအဆင့် လက်နက်ကြီးစခန်း အခြေစိုက်ထားကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

“စစ်ကောင်စီတွေသိမ်းယူထားတဲ့ နေရာအချို့ကို TNLA တပ်တွေပြန်သိမ်းထားတယ်။ ကံကြီးကိုလည်း ပြန်ရပြီ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်များသည် လတ်တလော ထိတွေ့တိုက်ပွဲပြင်းထန်နေသည့် ကံကြီးဘက်မှ မြို့အတွင်း ဝင်ရောက်နိုင်ရန် လက်နက်ကြီးစခန်းများကို ကြိုတင်အခြေစိုက်ထားခြင်းဖြစ်ပြီး တောင်ခမ်းဘက်မှ နေ၍လည်း တန်ပြန်ထိုးစစ်ဆင်လာကာ မြို့အတွင်းပိုင်းအထိ ဝင်ရောက်နေရာယူရန် ကြိုးစား နေကြောင်း ဒေသခံများထံမှ သိရသည်။

နောင်ချိုမြို့ခံအများစုမှာ လက်ရှိတွင် စစ်ဘေးရှောင်နေရပြီး ယာယီမိုးကာတဲများဖြင့် ဖြစ်သလို နေထိုင်နေကြရကာ တချို့ဒေသခံများမှာ အဆင်သင့်စစ်ရှောင်နိုင်ရန် ကားပေါ်တွင်ပစ္စည်းများတင်၍ ပြင်ဆင်ထားကြကြောင်း သိရသည်။

စစ်ကောင်စီက TNLA နှင့်တိုက်ပွဲများတွင် အဆိပ်ငွေ့ဗုံးများ အလွန်အကျွံသုံးလာပြီး TNLA တပ်ဖွဲ့ဝင်များ မူးဝေအော့အန်မှုများရှိကြောင်း သိရ သည်။

ပြီးခဲ့သည့်ရက်ပိုင်း ဇွန် ၇ ရက်နေ့က တောင်ခမ်းဘက်မှတက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် TNLA ပူးပေါင်းတပ်များ ကံကြီးရွာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်များ ပြန်လည်နောက်ဆုတ် သွားရကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြေပြင်ထိုးစစ်အပြင် လေကြောင်းပစ်ကူနှင့် ဒရုန်းဗုံး၊ အဆိပ် ငွေ့ဗုံးများ အပြင်းအထန်သုံးစွဲ တိုက်ခိုက်နေပြီး နောင်ချိုတိမ်ပင်လယ်နှင့် ရွှေမုဋ္ဌောဘက်တွင် အင်အားစုဖွဲ့နေကြောင်း သိရသည်။

ပုံစာ-TNLA တပ်ဖွဲ့ဝင်များ
#ရှမ်းမြောက် #နောင်ချို #တောင်ခမ်း #တိမ်ပင်လယ် #လက်နက်ကြီးစခန်း #Ayeyarwaddy_Times