
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
(ဆီဆိုင်)ဇွန် ၉ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်ရှိ ကျေးရွာအုပ်စု နှစ်စုမှ ပြည်သူ ၆ဝဝဝ ကျော်ကို ရွာတွင်နေထိုင်ခြင်းမပြုရန် စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က မောင်းထုတ်နေ ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးတပ်မတော် (PNLA)ထံမှ သိရသည်။
PNO ပြည်သူ့စစ်အဖွဲ့သည် ပြီးခဲ့သည့် ဇွန် ၇ ရက်က ကျေးရွာများသို့ စာပေးပို့လာခြင်းဖြစ်ပြီး ဒေသခံများအားလုံး လာမည့်ဇွန် ၁၅ ရက်နေ့ နောက်ဆုံးထား၍ ကျေးရွာအတွင်းမှ ထွက်သွားရမည် ဖြစ်ကာ မထွက်သွားပါက တာဝန်မယူဟု ဖော်ပြပါရှိကြောင်း သိရသည်။
“သူတို့ ဒီလိုလုပ်တာက တော်လှန်ရေးနဲ့ လူထုကို အဆက်အသွယ်ပြတ်အောင်၊ ထိစပ်မှုမရှိအောင် လုပ်ချင်တာပဲ ဖြစ်ပါတယ်။ နောက်ပြီး ပြည်သူလူထုရဲ့ ရပ်ရွာ၊ ဥစ္စာစည်းစိမ်ကို ပျက်စီးချင်တဲ့အတွက် လုပ်တယ်လို့ပဲ မြင်ပါတယ်” ဟု PNLA ပြောခွင့်ရ ခွန်ရိန်းယံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းကျေးရွာအုပ်စု နှစ်စုမှာ နောင်ကျောကျေးရွာအုပ်စုမှ တပူးထိုရွာ၊ ကောင်ထိုရွာ၊ လွယ်ငွန်းရွာ၊ နောင်ဗိုရွာ၊ ပင်စက်ရွာနှင့် တောင်ရှေ့ကျေးရွာအုပ်စုမှ နောင်ထော်ခြောက်ရွာ၊ ကလားလမ်ရွာတို့ဖြစ်ပြီး စုစုပေါင်း ပြည်သူ ၆ဝဝဝ ကျော် ရှိနေကြောင်း သိရသည်။
ထို့အပြင် ကျေးရွာအတွင်းမှ ထွက်ခွာသူများအနေဖြင့် တောင်ယာနှင့် စစ်ဘေးရှောင်စခန်းသို့ သွားရောက် နေထိုင်ခြင်း မပြုရန်နှင့် ဆီဆိုင်မြို့ ဘုရားဖြူကျေးရွာ မွေတော်ဘုရားဝန်းသို့သာ ထွက်ခွါသွားရမည်ဟု PNO ပြည်သူ့စစ်ပေးပို့ထားသည့် စာအရ သိရသည်။
“PNO ကလည်း စစတုန်းက ပြည်သူလူထုကြားကနေ ပေါက်ဖွားလာခဲ့တာပါ။ အခုလုပ်ရပ်က လူထုထောင်နဲ့ချီကို ဖမ်းလိုက်တဲ့သဘောပဲဗျ။ အခုတော့ စစ်တပ်ကို ကာကွယ်ရင်း ကိုယ်ကျိုးစီးပွါးအတွက်နဲ့ ပအိုဝ်းလူထုကို ပြန်မောင်းထုတ်တဲ့အဖွဲ့ ဖြစ်နေပြီ။ လူထုကို ကျေးဇူး ကန်းနေပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါကျေးရွာများတွင် ကျေးရွာအချို့သည် တော်လှန်ရေးနယ်မြေအတွင်းမှဖြစ်ပြီး ကျေးရွာ အချို့သည် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ထိန်းချုပ်ထားသည့် ကျေးရွာများဖြစ်ကြောင်း PNLA ၏ ထုတ် ပြန်ချက်အရ သိရသည်။
ယင်းသို့ ဒေသခံများကို ကျေးရွာအတွင်းမှ ထွက်သွားရန် မောင်းထုတ်သည့်စာ ပေးပို့လာပြီးနောက် လက်ရှိတွင် စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့များ ကျေးရွာအချို့၌ ဝင်ရောက် တပ်စွဲနေကြောင်း သိရသည်။
ဓာတ်ပုံ- PNLA
#ဆီဆိုင်မြို့ #ကျေးရွာများ #ဒေသခံ၆၀၀၀ကျော် #စစ်ကောင်စီလက်အောက်ခံ #PNO #Ayeyarwaddy_Times