ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇွန် ၉ ရက်

တနင်္သာရီတိုင်း ၊ ပုလောမြို့အခြေစိုက် ခလရ – ၁၇ စစ်မှုထမ်းသင်တန်းအမှတ်စဥ် (၈) မှစစ်ကောင်စီ တပ်သား တစ်ဦး လက်နက်အပြည့်စုံဖြင့်အလင်းဝင်ရောက်လာကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် ထားဝယ်ခရိုင် အမှတ်(၁) တပ်ရင်းထံမှ သိရသည်။

စစ်ကောင်စီ၏ ပုလောမြို့အခြေစိုက်ခလရ – ၁၇ တပ်ရင်းမှ တပ်သား နေဇော်အောင်သည် ဇွန်လ ၇ ရက်နေ့က ၎င်း နှင့်အတူ MA-1 သေနတ် တစ် လက်၊ ကျည် ၁၅၀ တောင့် ၊ ကျည်ဘောက် ခြောက် ခု ၊ ၁၄ မိုင်း ၁ လုံး တို့နှင့်အတူ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းမှကြိုဆိုခဲ့ ကြောင်းသိရသည်။

အလင်းဝင်ရောက်လာသည့် တပ်သား နေဇော်အောင်သည် ဧရာဝတီတိုင်း ၊ဇလွန်မြို့ ဇာတိဖြစ်ပြီး မော်လမြိုင်မြို့တွင် အလုပ်လာရောက်လုပ်ကိုင်စဉ် ရထားဘူတာအတွင်း စစ်ကောင်စီတပ်က စစ်ဆေး မေးမြန်းပြီး ဖမ်းဆီးခဲခြင်းဖြစ်ကြောင်း သိရသည်။

”အလင်းဝင်ရောက်လာတဲ့တပ်သားကဧရာဝတီတိုင်း ၊ဇလွန်မြို့ကပါ။သူက ဇလွန်ကနေပြီး မော်လမြိုင်မှာ အလုပ်လာလုပ်တာပေါ့။ ရထားဘူတာမှာ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးမေးမြန်းမှုကို ခံရပြီးနောက် ဖမ်းဆီးခံလိုက်ရတာပါ။ အဲဒီကနေပြီး စစ်သားစုဆောင်းရေးကို တစ်ခါတည်း ပို့လိုက်တာပါ။ ပလောက် သင်တန်းကိုပို့တာပါ။ အမှတ်စဥ် (၈) သင်တန်းဆင်းပါ။ ကျွန်တော်တို့ တပ်ရင်းနဲ့ချိတ်ဆက်ပြီး ရောက်လာတာပါ။ သူက ကျွန်တော်တို့တပ်ရင်းထဲမှာနေပြီး စစ်ကောင်စီတပ်ကို ပြန်တိုက်မယ်လို့ ပြောပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုသို့ အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားကို ကောင်းမွန်စွာစောင့်ရှောက်ထားပြီး လက်နက်နှင့် အတူအလင်းဝင်ရောက်လာသည့်အတွက် ချီးမြှင့်ငွေ သိန်း ၅၀ တိတိကို ပေးအပ် လိုက်ပြီဖြစ်ကြောင်း အဆိုပါတပ်ရင်းထံမှ သိရသည်။

စစ်ကောင်စီ တပ်သားများအနေဖြင့် အချိန်မရွေးလာရောက်၍ ပြည်သူနှင့်အတူ ပူးပေါင်းကြရန် တော်လှန်ရေးတပ်ဖွဲ့များနှင့် တပ်ရင်းများမှ ထုတ်ပြန်ထားသည်။

ဓာတ်ပုံ ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်း။
ပုံစာ ၊ လက်နက်အပြည့်စုံဖြင့်အလင်းဝင်ရောက်လာသော ခလရ -၁၇ တပ်ရင်း မှ စစ်ကောင်စီတပ်သား။
#တနင်္သာရီ #စစ်မှုထမ်းသင်တန်းဆင်း #စစ်ကောင်စီတပ်သား #အလင်းဝင် #သိန်း၅၀ #Ayeyarwaddy_Times