ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဇွန် ၈ ရက်)

လူသားတွေ ကျန်းမာစွာ အသက်ရှင်သန်ဖို့အတွက် အစာအာဟာရဟာ မရှိမဖြစ်လိုအပ်တယ်ဆိုတာ လူတိုင်းသိကြပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းကပင် “အစာအာဟာရသည် ဩဇာရုပ်ကိုဖြစ်စေပြီး အသက်ကိုတည်မြဲစေသည်” ဆိုတဲ့ အဘိဓမ္မာတရားကို နာကြားခဲ့ရပါတယ်။

ဒီအချက်ကို သိပ္ပံနည်းကျရော၊ ဘာသာရေးရှုထောင့်ကပါ အလေးအနက်ထား ဖော်ပြကြပါတယ်။

ဒါ့အပြင် ကျွန်တော်တို့ ဆေးကျောင်းတက်တုန်းက ဆည်းပူးခဲ့ရတဲ့ ဇီဝဗေဒဆိုင်ရာဘာသာရပ်တွေမှာလည်း သက်ရှိတွေဟာ အာဟာရကြောင့်သာ အသက်ရှင်ခြင်း၊ ကြီးထွားဖွံ့ဖြိုးခြင်းနဲ့ သက်ရှိလုပ်ငန်းစဉ်တွေကို လုပ်ဆောင်နိုင်ကြကြောင်း ဖော်ပြထားပါတယ်။

ဒါဆိုရင် ခန္ဓာကိုယ်ကျန်းမာဖို့၊ နေ့စဉ်ဘဝမှာ တက်ကြွစွာ လှုပ်ရှားနိုင်ဖို့အတွက် ဘယ်လိုအာဟာရ မျိုးတွေက ဘာကြောင့်အရေးကြီးတာလဲ၊ ကျွန်တော်တို့ ခန္ဓာကိုယ်က အစာအာဟာရတွေကို ဘယ်လိုစွမ်းအင်အဖြစ် ပြောင်းလဲပေးလဲဆိုတာတွေကို သိနားလည်စေဖို့ အစာအာဟာရရဲ့ အခြေခံကျတဲ့ အရေးပါပုံနဲ့ စွမ်းအင်ရရှိပုံအကြောင်းကို ရှင်းပြပေးသွားပါမယ်။

#အာဟာရအုပ်စု

လူသားတို့ ကျန်းမာစွာ ရှင်သန်ဖို့အတွက် လိုအပ်တဲ့ အစာအာဟာရတွေကို အဓိကအားဖြင့် Macronutrients (ပမာဏများများ လိုအပ်သည့် အာဟာရဓာတ်များ)နှင့် Micronutrients (အနည်းငယ်မျှ မဖြစ်မနေ လိုအပ်သည့် အာဟာရဓာတ်များ) ဆိုပြီး အုပ်စုကြီးနှစ်မျိုး ခွဲခြားထားပါတယ်။

အာဟာရဓာတ်အုပ်စုအနေဖြင့် ခွဲခြားမည်ဆိုပါက အောက်ပါခြောက်မျိုး ရှိပါတယ်။
-ပရိုတင်း (အသားဓာတ်)
ခန္ဓာကိုယ်တည်ဆောက်မှုနှင့် ပြုပြင်ထိန်းသိမ်းမှုအတွက် အရေးပါပါတယ်။
-ကာဗိုဟိုက်ဒရိတ် (ကစီဓာတ်)
ခန္ဓာကိုယ်၏ အဓိကစွမ်းအင်ရင်းမြစ် ဖြစ်ပါတယ်။
-အဆီဓာတ်
စွမ်းအင်သိုလှောင်ခြင်း၊ ဆဲလ်ဖွဲ့စည်းမှုနှင့် ဗီတာမင်စုပ်ယူမှုအတွက် လိုအပ်ပါတယ်။
-ဗီတာမင်များ
ခန္ဓာကိုယ်လုပ်ငန်းဆောင်တာ အမျိုးမျိုးအတွက် မရှိမဖြစ်လိုအပ်ပါတယ်။
-သတ္တုဓာတ်များ
အရိုး၊ သွားနှင့် ခန္ဓာကိုယ်လုပ်ငန်းစဉ်များအတွက် အရေးပါပါတယ်။
-ရေ
ခန္ဓာကိုယ်ရဲ့၇၀ရာခိုင်နှုန်းကျော်ကို ရေဖြင့်ဖွဲ့စည်းထားပြီး အသက်ရှင်သန်မှုအတွက် အဓိကကျလှ ပါတယ်။ ရေဓာတ်ပြည့်ဝနေမှ ကျန်းမာမည်ဖြစ်ပြီး ရေခန်းခြောက်လျှင် ခန္ဓာကိုယ်ထိခိုက်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။

#Macronutrients(ပမာဏများများလိုအပ်သည့် အစာအာဟာရများ):

ခန္ဓာကိုယ်က ပမာဏများများလိုအပ်တဲ့ အာဟာရဓာတ်တွေဆိုတာ ကာဗိုဟိုက်ဒရိတ် (ကစီဓာတ်)၊ ပရိုတင်း (အသားဓာတ်) နဲ့ အဆီဓာတ်တွေပဲ ဖြစ်ပါတယ်။

နေ့စဉ်စားသုံးနေကျ ဆန်၊ ဂျုံ၊ ပြောင်း၊ အစေ့အဆံ၊ အသီးအနှံ၊ ဟင်းသီး ဟင်းရွက်၊ ခွံမာသီး၊ ဆီ၊ အသားအမျိုးမျိုး၊ ဥ၊ နို့နဲ့ နို့ထွက်ပစ္စည်းအမျိုးမျိုး၊ ပဲအမျိုးမျိုး စသည့် အစားအစာတွေက Macronutrients တွေပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးခြင်း၊ စွမ်းအင်ခွန်အားအဖြစ် သိမ်းဆည်းထားခြင်းနှင့် ခန္ဓာကိုယ်လုပ်ငန်း ဆောင်တာများကို လုပ်ဆောင်နိုင်ခြင်းအတွက် အရေးပါ လှပါတယ်။

#Micronutrients (အနည်းငယ်မျှ မဖြစ်မနေလိုအပ်သည့် အစာအာဟာရများ)

ဗီတာမင်များနှင့် သတ္တုဓာတ်များကတော့ ခန္ဓာကိုယ်အတွက် အနည်းငယ်မျှသာ မဖြစ်မနေလိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြစ်ကြပါတယ်။ ကျန်းမာရေးကောင်းဖို့နဲ့ ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းများ ဖွံ့ဖြိုးဖို့အတွက် Micronutrients ကို မဖြစ်မနေ လိုအပ်ပါတယ်။

နေ့စဉ်အနည်းငယ်သာ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချို့တဲ့ပါက အားအင်မရှိခြင်း၊ သွေးရောဂါ ပြဿနာများဖြစ်ခြင်း၊ ကိုယ်ခံအားနည်းခြင်း၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု နှောင့်နှေးခြင်း၊ အရိုးကျန်းမာရေး ထိခိုက်ခြင်း၊ ရောဂါကာကွယ်နိုင်စွမ်း ကျဆင်းခြင်း အပါအဝင် အခြားသော ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာနိုင်ပါတယ်။)

#အာဟာရများအစာခြေခြင်း

အစာအာဟာရတွေကို ပါးစပ်ကနေ စားလိုက်ပြီးနောက် အစာအိမ် အူလမ်းကြောင်းတစ်လျောက် အစာခြေပါတယ်။ အစားအသောက်များကို အပိုင်းအစသေးသေးလေးများဖြစ်အောင် သွားများဖြင့် ကြိတ်ခွဲရပါတယ်။ ခံတွင်းထဲမှာရှိတဲ့ တံတွေးပြုဂလင်းတွေကနေ တံတွေးရည်များထွက်လာပြီး အစာ အာဟာရများကို စတင်ကြိတ်ချေပေးပါတယ်။

တံတွေးကပိုးမွှားအချို့ကိုသေစေတဲ့အာနိသင်ရှိပြီး အာဟာရအချို့ကို စတင်ပြီးဖြိုခွဲပါတယ်။ ကြေညက်အောင်ဝါပြီးပြီဟု ယူဆချိန်တွင် အစာရေမြိုမှ အစာအိမ်ထဲရောက်သည်အထိ မျိုချလိုက် ရပါတယ်။

အစာအိမ် အူလမ်းကြောင်းသည် ပေ၃၀ ကျော်ရှည်ပါတယ်။ အစားအသောက်များကို လုံးဝအစာခြေ ပစ်ရန် ၂၄ နာရီမှ ၇၂ နာရီအထိ ကြာမြင့်တတ်ပါတယ်။

အစာအိမ်က အက်ဆစ်ထုတ်ပြီး အစာအာဟာရတွေကို ခြေဖျက်ပါတယ်။ သည်းခြေအိတ်မှ သည်းခြေရည်များက ပရိုတိန်းအဆီ ကာဘိုဟိုက်ဒြိတ် အာဟာရမှန်သမျှကို အူမှတစ်ဆင့် ပြန်ရည် ကြောနှင့် သွေးကြောများသို့ စုပ်ယူနိုင်အောင် အစာခြေဖျက်ပေးပါတော့တယ်။ အူသိမ် အူမကြီးတို့မှာ အူလှိုင်ထပြီး အစာအာဟာရများကိုတရွေ့ရွေ့ ရွေ့လျားစေလျက် အာဟာရ‌တွေစုပ်ယူပါတယ်။ နောက်ဆုံးတွင်တော့အစာဟောင်းများကို မစင်အဖြစ် စအိုမှ အညစ် အကြေးစွန့်ထုတ်ပါတယ်။

အစာအိမ်နှင့်အူလမ်းကြောင်းတလျှောက် အာဟာရတွေကိုစုပ်ယူပြီးတဲ့အခါ အသည်းမှာ သိုလှောင် ထားပါတော့တယ်။ ခန္ဓာကိုယ်က စွမ်းအင်သုံးရန်လိုအပ်သည့်အခါမှာတော့ အသည်းမှာ သိမ်းထားတဲ့ အာဟာရတွေကို ပြန်လည်ထုတ်ယူသုံးစွဲရပါတယ်။

#အစာအာဟာရနှင့်ရှင်သန်ရေး

အစာအာဟာရကောင်းကောင်းမွန်မွန် လုံလုံလောက်လောက် စားနိုင်ပါမှ ကျန်းမာပြီး အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ အစာအာဟာရလုံလောက်နေမှ အသက်ရှင်နိုင်မှာဖြစ်ပြီး ပညာသင်တာ၊ တွေးခေါ်တာ စတဲ့ စိတ်ကူးအိပ်မက်များနောက်လိုက်နိုင်မှာပဲဖြစ်ပါတယ်။

အစားအသောက်ချို့တဲ့သူတွေမှာတော့ အာဟာရမလုံလောက်ခြင်းကြောင့်ဖြစ်ရတဲ့ ကျန်းမာရေးနောက် ဆက်တွဲပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဉာဏ်ရည်နိမ့်ပါးပြီး ပညာသင်စဥ်မှာလည်း အခက် အခဲတွေ ကြုံရနိုင်ပါတယ်။ ဖွံ့ဖြိုးမှုအားနည်းပြီး အကောင်သေးသေးညှက်ညှက် ခန္ဓာကိုယ်ကြုံလှီခြင်းမျိုးကို ကြုံရတတ်ပါတယ်။

#အစာအာဟာရလွန်ကဲစွာစားသုံးမိခြင်း

“တန်ဆေးလွန်ဘေး” ဆိုတဲ့စကားအတိုင်း အစားကို လွန်ကဲစွာစားသုံးသူတွေ အစားကြီးသူတွေမှာလည်း အာဟာရတွေက အသည်းမှာစုပုံပြီး အသည်းကြီးခြင်း၊ အသည်းအဆီဖုံးခြင်းတို့ကို ခံစားလာရမှာ ဖြစ်ပါတယ်။ အခြားကိုယ်တွင်းအင်္ဂါများ အဆီဖုံးခြင်း၊ သွေးကြောအတွင်းမှာ အဆီများကပ်ပြီး သွေးကြောနံရံထူခြင်းတွေ ကြုံလာရတတ်ပါတယ်။

ခန္ဓာကိုယ်မှာနေ့စဉ်လိုအပ်တဲ့ စွမ်းအင်ထက်ပိုပြီး စားသုံးမိပါက အရေပြားအောက်မှာရှိတဲ့ အဆီပြင် မှာလည်း အဆီပိုတွေအဖြစ်သိုလှောင်ထားတာကြောင့် အဆီအခေါက်ထူလာပြီး အဝလွန်တာမျိုး ဖြစ်လာရပါတော့တယ်။

#ခန္ဓာကိုယ်စွမ်းအင်သုံးသည့်ဖြစ်စဉ်များ

အသက်ရှူဖို့ စွမ်းအင်လိုပါတယ်။ မတ်တတ်ရပ်ဖို့စွမ်းအင်လိုပါတယ်။ လှုပ်ရှားဖို့စွမ်းအင် လိုအပ်ပါတယ်။ နှလုံး ခုန်ဖို့စွမ်းအင်လိုပါတယ်။ ဆီးသွားဝမ်းသွားနိုင်ဖို့စွမ်းအင်လိုပါတယ်။ လိင်မှုကိစ္စ အတွက်လည်းစွမ်းအင်လိုပါတယ်။ အိပ်နေချိန်၊ စာဖတ်နေချိန်၊ ထိုင်နေချိန်စတဲ့ အချိန်တိုင်းအတွက် စွမ်းအင်လိုပါတယ်။ ဒီစွမ်းအင်တွေကို အစားအသောက်တွေကို စားသုံးခြင်းကနေ ရရှိပါတယ်။

လဲလျောင်းအိပ်စက်အနားယူချိန်တွေမှာတော့ စွမ်းအင်သုံးစွဲမှုနည်းပြီး စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ တောင်တက်ခြင်း စတဲ့ နှလုံးခုန်နှုန်းမြင့်မားတဲ့အထိ ခန္ဓာကိုယ်အသုံးပြုရချိန်မှာတော့ စွမ်းအင်သုံးစွဲမှု များပြားပါတယ်။

အကယ်၍ သင်က အဝလွန်နေခဲ့သူဖြစ်နေမယ်ဆိုပါက စွမ်းအင်များများသုံးစွဲပြီး အသည်းနှင့် ခန္ဓာကိုယ်မှ အဆီပိုများပျော်သွားအောင် ကိုယ်လက်လှုပ်ရှားအားကစားလုပ်ပြီးဖြစ်စေ၊ လမ်းလျှောက် ၍ဖြစ်‌စေ စွမ်းအင်များများပြန်သုံးဖို့လိုအပ်ပါတယ်။

#စွမ်းအင်အာဟာရကယ်လိုရီတွက်ချက်စားသောက်ခြင်း

မနက်စာ၊ နေ့လယ်စာ၊ ညစာ အပါအဝင် ကိုယ်စားမယ့် အစားအသောက်တွေကို စွမ်းအင်ကယ်လိုရီ တွက်ချက်နိုင်ပါတယ်။ သုံးစွဲမည့် စွမ်းအင်ကိုလည်း တွက်ချက်ပြီး နေ့စဉ်ဘဝကို အချိန်ဇယားဖြင့် ဖြတ်သန်းစေတဲ့နည်းလမ်းဖြစ်ပါတယ်။

နိုင်ငံတော်အဆင့် အားကစားသမားများတွင် ယခုနည်းလမ်းဖြင့် စခန်းသွင်းလေ့ကျင့်ကြပါတယ်။ ကျွန်တော်တို့လို သာမန်လူသားများမှာလည်း အာဟာရဆရာဝန်နဲ့ တွက်ချက်တိုင်ပင်ပြီး ကယ်လိုရီ တွက်ချက်စားသောက်ခြင်း နည်းလမ်းအသုံးပြုနိုင်ပါတယ်။

အဓိကမှာချင်တာကတော့ ကျန်းမာပျော်ရွှင်တဲ့ဘဝတစ်ခုကိုရဖို့ “မျက်စိအကျင့် ဝမ်းအချင့်” ဆိုတဲ့ စကားအတိုင်း အစားအသောက်ကို ချင့်ချိန်စားသောက်ပါ။ ကျန်းမာသန်စွမ်းရန် ကိုယ်လည်းလှုပ်ရှား အားကစားလုပ်ပြီး သိုလှောင်စွမ်းအင်တွေလောင်ကျွမ်းပါစေ။

နောက်တစ်ပတ်မှာတော့ “သည်းခြေကျောက်” အကြောင်းကို အသိပညာပေးမှာဖြစ်တာကြောင့် စောင့်မျှော် ဖတ်ရှုနိုင်ပါတယ်။ ဧရာဝတီတိုင်း မီဒီယာရဲ့ ပရိသတ်တွေအားလုံး သာယာချမ်းမြေ့တဲ့ ဘဝကိုရရှိနိုင်ကြပါစေ။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #အာဟာရနှင့် ခန္ဓာကိုယ်စွမ်းအင် #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန်နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိ ပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)